ဗန်းမောက် အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံတွင် အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက အောက်ဆီဂျင်စက် လွှဲပြောင်းပေးအပ်ပွဲနှင့် စက်ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအောက်ဆီဂျင်စက် လွှဲပြောင်းပေးအပ်ပွဲနှင့် စက်ဖွင့်ပွဲတွင် AGGC ကုမ္ပဏီမှတာဝန်ဝန်ခံအင်ဂျင်နီယာ ဦးဝင်းလွင်ဦးက အောက်ဆီဂျင်စက် ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဌေးထံသို့ အောက်ဆီဂျင်စက်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ခဲ့ပြီး စက်ဖွင့်ပွဲအခမ်းအနားကို ကျင်းပကာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒေါက်တာဦးဇော်ဇော်၊ ဗန်းမောက်မြို့နယ် အောက်ဆီဂျင် ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အောက်စီဂျင်စက် တပ်ဆင်ပြီးစီး လည်ပတ် ထုတ်လုပ်နေမူအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသန်းဌေး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ဆရာဝန်ဦးဇော်ဇော်၊ မြို့နယ်လ.ဝ.ကဦးစီးအရာရှိဦးထွန်းဝင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးအရာရှိဦးကျော်နိုင်၊ မြို့နယ်သန္ဓေမီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးခူးပိုလီကပ်နှင့် တာဝန်ရှိသူ စုစုပေါင်း(၅၀)ဦးတို့ တက်ရောက်ခဲ့ကြသည်။

ထိုအောက်ဆီဂျင်စက်အား ဗန်းမောက်မြို့နယ်အတွင်းရှိ သတ္တုတူးဖော်ရေးကုမ္ပဏီများ၏ မတည်ထည့်ဝင်ငွေ များနှင့် အလှူရှင်ပြည်သူလူထု၏ ထည့်ဝင်ငွေ သိန်း(၈၀၀)ကျော်ဖြင့် ဝယ်ယူခဲ့ပြီး AGGCကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာများဖြစ်သော ဦးဝင်းလွင်ဦးနှင့်ဦးဇော်ထိုက်တို့က တပ်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အောက်ဆီဂျင်စက်မှ တစ်နာရီလျှင် လီတာ ၄၀ ထုတ်လုပ်နိုင်ကာ တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အိုးကြီး၈၀ကျော် ထုတ်လုပ်နိုင်မည်ဖြစ်ရာ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရ၍ အောက်ဆီဂျင်လိုအပ်သော လူနာများအတွက်သာမက အခြားသောအောက်ဆီဂျင်လိုအပ်သည့် လူနာများကိုပါ အောက်ဆီဂျင် လုံလောက်စွာ ဖြန့်ဖြူးပေးလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ခင်မောင်ဆွေ မော်လူး