မူဆယ် အောက်တိုဘာ ၃၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁-၂၀၂၂ ခု (၆)လ ဘတ်ဂျက်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံ ကိန်း(VDP)ကို ကျေးရွာ ၄ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း မူဆယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ ၄ ရွာမှာ ဟွယ်လုံကျေးရွာ၊ နမ့်စန့်ကျေးရွာ၊ ခိုတိန်ကျေးရွာနှင့် မန့်ဟောင်းကျေးရွာတို့ဖြစ်ပြီး ၎င်းကျေးရွာများတွင် ကျေးရွာပြည်သူလူထု ကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များ ဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျ စုပေါင်းပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မူဆယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယိုင်ဆိုင်က ပြောခဲ့သည်။
အဆိုပါကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကျေးရွာများကို သက်ဆိုင်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်အတူ ရွေးချယ်ခဲ့ကြောင်းနှင့် ယခုအခါ အဆိုပါကျေးရွာ ၄ ရွာတွင် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဇော်မင်းဌေး


