ညောင်လေးပင် အောက်တိုဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ သဘာဝဘေး (ရေကြီးနစ်မြုပ်မှု)ကြောင့် မိုးစပါးသီးနှံ ထိခိုက်ဧရိယာများနှင့် ပျက်စီးဧရိယာများတွင် ပြန်လည်စိုက်ပျိုးထားသော ဧရိယာများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ UREA ဓာတ်မြေဩဇာထောက်ပံ့ခြင်းကို အောက်တိုဘာ ၃၀ ရက် နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးနေလင်း၊ ဦးဇော်မင်းယုနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တောင်သူများတက်ရောက်ကြပြီး ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းယုန်းမှ အဖွင့်အမှာစကား ပြောကြားရာ သဘာဝဘေးကျရောက်မှုကြောင့် ထိခိုက်မှုများအား နိုင်ငံတော်မှ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ထောက်ပံ့မှုအား လက်ရှိမြေပြင်တွင်လည်း အကျိုးရှိရှိ အသုံးချစေချင်ကြောင်း ပြောသည်။ ထို့နောက် မြိုနယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ထူးအောင်က သဘာဝဘေးကြောင့်ထိခိုက်၊ ပျက်စီးမှုအပေါ် ကွင်းဆင်းစာရင်းကောက်ယူမှု အခြေအနေများအား ရှင်းလင်းပြောကြား ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးစိုးနိုင်က ဓာတ်မြေဩဇာ ထောက်ပံ့ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ တောင်သူများအား ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာ ၈ ရွာ မှ ထိခိုက်မှု ဧက ၁၃၂၈ ဧက အတွက် တောင်သူ ၃၆၉ ဦး အား တစ်ဧက (၂၃ ဒသမ ၇၂) ကီလိုနှုန်းဖြင့် (၃၁၅၀၀ ဒသမ ၁၆) ကီလို (၆၃၀)အိတ် ကိုလည်းကောင်း၊ ပျက်စီး ပြန်စိုက် မှု ဧက ၇၂၉ ဧက အတွက် တောင်သူ ၂၄၆ ဦး အား တစ်ဧက (၂၅ ဒသမ ၀၂ )ကီလိုနှုန်းဖြင့် (၁၈၂၃၉ ဒသမ ၅၈) ကီလို (၃၆၄ ဒသမ ၈) အိတ် ကိုလည်းကောင်း စုစုပေါင်း UREA ဓာတ်မြေဩဇာ (၉၉၄ ဒသမ ၈) အိတ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
နေလင်း(ညောင်လေးပင်)


