ရသေ့တောင် အောက်တိုဘာ ၃၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၌ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ နိုဝင်ဘာ ၁ ရက်မှစ၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့အနေနဲ့ မြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းများအား နိုဝင်ဘာ ၁ ရက်နေ့မှစ၍ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအုပ်ဆရာကြီးတွေကို အသိပေးညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ဆရာ/ဆရာမ တွေကိုလည်း မိမိတို့တာဝန်ထမ်းဆောင်နေသည့် အခြေခံပညာကျောင်းများသို့ အောက်တိုဘာ ၃၁ ရက်နေ့ နောက်ဆုံးထား သွားရောက်ဖို့လည်း ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ကျနော်တို့ ဒီအခြေခံပညာ ကျောင်းတွေ ပြန်ဖွင့်တဲ့အခါမှာလည်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်လို့ ” မြို့နယ်ပညာရေးမှူး ဦးဦးထွန်းရွှေက ပြောသည်။

ရသေ့တောင်မြို့နယ်အတွင်းရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် အခြေခံပညာကျောင်း (၁၉၄)ကျောင်းရှိသည့်အနက် (၁၇၄)ကျောင်းတို့အား ဖွင့်လှစ်သွားမည်ဖြစ်ပြီး အခြေခံပညာ ကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့်  ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၇၅၉၁)ဦးနှင့် ဆရာ၊ ဆရာမ (၁၅၉၀)ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေမှုတို့ကြောင့် အခြေခံပညာကျောင်းများကို ဇူလိုင် ၉ ရက်မှစ၍ ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားကူးစက်မှု လျော့နည်းလာသည့်အတွက် နိုဝင်ဘာ ၁ ရက်နေ့မှစ၍ အခြခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်စံထွန်း (ပြန်/ဆက်)