ပွင့်ဖြူ အောက်တိုဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကြီးအုံကြီးဝ တမံတွင် မိုးရေဝင်ရောက်မှုများ တိုးလာခဲ့ပြီး တမံရေပိုလွှဲမှ (၈)ပေကျော်ခန့် ရေကျော်ကျမှုရှိခဲ့ရာမှ ယခုအခါ မိုးရွာသွန်းမှု လျော့နည်းသွားသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု တဖြည်းဖြည်း လျော့နည်းကျဆင်းလာပြီ ဖြစ်ကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့် ထံက သိရသည်။
ပွင့်ဖြူမြို့နယ်တွင် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း မိုးရွာသွန်းမှုများခဲ့သည့်အတွက် ကြီးအုံကြီးဝတမံအတွင်း မိုးရေဝင်ရောက်မှုများပြီး တမံရေပြည့်မှတ်ဖြစ်သည့် ပေ ၃၄၀ အထက် တမံရေပိုလွှဲမှ (၈)ပေကျော်ခန့်အထိ ရေကျော်ကျမှုများ ရှိခဲ့ပြီး တမံရေပိုလွှဲမှ ရေကျော်ကျမှု အခြေအနေအား အစိမ်းရောင်အလံစိုက်ထူ၍ တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ရေကင်း တာဝန်ကျ ဝန်ထမ်းများကလည်း တမံကြံ့ခိုင်မှုအခြေအနေအား အလှည့်ကျစောင့်ကြည့်စစ်ဆေးခြင်းနှင့် တမံအတွင်း မိုးရေ ဝင်ရောက်မှု အခြေအနေနှင့် ရေပိုလွှဲမှ ရေကျော်နေမှုများကို အွန်လိုင်းစနစ်ဖြင့် အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော် ခြင်းများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် မိုးရွာသွန်းမှုရပ်တန့်သွားပြီဖြစ်၍ ကြီးအုံကြီးဝတမံတွင် ရေဝင်ရောက်မှုမရှိတော့၍ တမံရေပိုလွှဲမှ ရေကျော်ကျမှု တစ်နေ့ထက် တစ်နေ့ လျော့နည်းကျဆင်းလျက်ရှိပြီး အောက်တိုဘာ ၃၀ ရက် မွန်းတည့် ၁၂ နာရီအချိန် တိုင်းထွာရာ၌ တမံရေပိုလွှဲမှ (၃ဒသမ၁) ပေခန့်သာ ရေကျော်ကျမှုရှိတော့သဖြင့် ဒေသခံပြည်သူများအတွက် စိုးရိမ်ဖွယ်ရာအခြေအနေ မရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


