ပွင့်ဖြူ အောက်တိုဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသူများနှင့် ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိသူများကို အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းက ဆေးထိုးစုရပ်(၄)နေရာတွင် ဆက်လက် ထိုးနှံပေးရာ ဒေသခံပြည်သူများက ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ် (၄)နေရာဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၊ လယ်ကိုင်းကျေးရွာ(အ.ထ.က) ကျောင်း၊ ကုန်းဇောင်းကျေးရွာ (အ.ထ.က)ကျောင်း၊ မဲဇလီကျေးရွာ (အ.ထ.က)ကျောင်းတို့တွင် သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံဆောင်ရွက်ပေးနေကြောင်း သိရသည်။ ထို့အပြင် ကာကွယ်ဆေး လာရောက်ထိုးနှံသူများ စိတ်အေးချမ်းစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း (Volunteer)အဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိပြီး ယနေ့ ဆေးထိုးစုရပ် (၄)နေရာတွင် ပထမအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံသူဦးရေ (၆၀၀)နှင့် ဒုတိယအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၅၁၀ ဦး ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက် စေရေးအတွက် ဆေးထိုးစုရပ် (၄)နေရာခွဲပြီး စနစ်တကျ ထိုးနှံပေးလျက်ရှိရာ ဒေသခံပြည်သူများ မဖြစ်မနေ ကာကွယ်ဆေး ထိုးနှံရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက နေ့စဉ် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော် ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ယခု ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို လူဦးရေ ၁၁၀၀၀ အား ထိုးနှံပေးရမည်ဖြစ်ကာ ယနေ့အထိ ကာကွယ်ဆေးထိုးနှံပြီးစီးသူဦးရေ ၈၅၃၂ ဦး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


