သရက် အောက်တိုဘာ ၃၁

           

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို နေ့စဉ် စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ တတိယအသုတ် (ပထမအကြိမ်) ကို ရွှေသက်လွတ် ဘုရားဝန်းအတွင်းရှိ သာသနာ့ ဗိမာန်တော်၊ တေဇခန်းမနှင့် ကျေးရွာအုပ်စုများတွင်စုရပ်နေရာ(၆)ခုခွဲ၍ အောက်တိုဘာ ၃၁ ရက် နံနက် ၉ နာရီက  စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။     

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ် (၆) နေရာဖြစ်သော  ရွှေသက်လွတ်ဘုရားဝန်းရှိ သာသနာ့ဗိမာန်တော်၊ တေဇခန်းမ၊ ထုံးတောင်ကျေးရွာအုပ်စု၊ တလပါးကျေးရွာအုပ်စု၊ အလပ်လယ် ကျေးရွာအုပ်စုနှင့် ဘော်ကျေးရွာအုပ်စုများသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင် ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေး လျက်ရှိသည်။ သရက်မြို့ နယ်၌  တတိယအသုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ (၅၅၀၀) လုံး ထပ်မံရရှိထားရာ အောက်တိုဘာ ၃၀ ရက်အထိ (၁၂၉၉၈)ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရှိနေသူများကိုလည်း နေ့စဉ်  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ဇော်ဝမ်းထွန်း (အောင်လံ)