လှည်းကူး အောက်တိုဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကျေးလက်နေပြည်သူများအား အောက်တိုဘာ ၃၀ ရက်က ရှမ်းရွာကျေးရွာ အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်းရုံး၌ (အခမဲ့) ကုသိုလ်ဖြစ် ဆေးဝါး ကုသပေးခဲ့ကြောင်း သိရသည်။
(အခမဲ့)ကုသိုလ်ဖြစ်ဆေးခန်းတွင် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ဆေးကုသရန် လာရောက်သည့် လူနာနှင့် လူနာစောင့်များကို နှာခေါင်းစည်းတပ်ဆင်စေခြင်း၊ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါနေထိုင်စေခြင်းတို့ကို အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်း ဦးဆောင် (ကျေးလက်ကြယ်တစ်ပွင့်)ဆရာတော်၏ အနီးကပ်လမ်းညွှန်မှုဖြင့် အသင်းသား၊ အသင်းသူများက စနစ်တကျဆောင်ရွက်ပေးခဲ့သည်။ သွားလာမှုအခက်အခဲရှိသည့် လူနာများကိုလည်း အသင်းပိုင် မော်တော်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(အခမဲ့)ကုသိုလ်ပြု ဆေးဝါးကုသပေးခြင်းကို အပတ်စဉ် စနေနေ့တိုင်း နံနက် ၉ နာရီမှ ၁၁ နာရီအထိ ၁ ကြိမ် နှင့် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် ဖွင့်လှစ်ကုသပေးခဲ့ကြောင်း သိရပြီး အဆိုပါ (အခမဲ့)ကုသိုလ်ဖြစ်ဆေးခန်းသို့ မည်သူမဆို လာရောက်ကုသနိုင်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)


