မိတ္ထီလာ အောက်တိုဘာ ၃၁

         

မိတ္ထီလာမြို့တွင် အောက်တိုဘာ ၃ဝရက် ညပိုင်းနှင့် အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းအချိန်တို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ပေါက်ချောင်းရပ်ကွက်ရှိ လူနေအိမ်တချို့နှင့်  ကြက်ခြေနီသူနာပြုတပ်ဖွဲ့ရုံးအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

        

အဆိုပါကြက်ခြေနီရုံးဝန်းနှင့် ရုံးခန်းအတွင်းနေရာများသို့ မိုးရေဝင်ရောက်မှုဖြစ်ပွားသကဲ့သို့ မြန်မာ့စီးပွားရေးဘဏ်နှင့် ပေါက်ချောင်းရပ်ကွက်ရှိ ငါးမွေးမြူရေးကန် တောင်ဘက်နှင့်မြောက်ဘက် ရပ်ကွက်နယ်မြေများရှိ လူနေအိမ်တချို့တွင်လည်း မိုးရေများ အများအပြား ဝင်ရောက်မှုဖြစ်ပွားခဲ့သည်။ အလားတူ မြို့ပေါ်ရပ်ကွက်တချို့နှင့် ဆင်ခြေဖုံးရပ်ကွက်များရှိ လူနေအိမ်ဝန်းများအတွင်း၌လည်း မိုးရေဝင်ရောက်မှုများဖြစ်ပွားခဲ့ပြီး  မြို့ဒေသခံများက ကန်ရေပြည့်မှတ်ကို မှတ်သားတိုင်းတာလေ့ရှိသည့်  မိတ္ထီလာကန်လယ်၌တည်ထားသော မိုးကောင်းအန္တကူရေလည်စေတီရှိ နဂါးရုပ်ပုံတူ ၄ ရုပ်မှာလည်း ကန်ရေအောက်နစ်မြှုပ်သည့် အနေအထားသို့ ရောက်ရှိနေကြောင်း သိရသည်။

 

မိတ္ထီလာမြို့၌ ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလလယ်ပိုင်းတွင် အလားတူ မိုးရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ချမ်းသာ ( မိတ္ထီလာ)