နောင်ချို     အောက်တိုဘာ   ၃၁ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့နယ်ခန်းမ၌ အသက် ၁၈နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ပဉ္စမအသုတ် (ဒုတိယအကြိမ်) ကို အောက်တိုဘာ ၃၁ ရက် နံနက် ၉ နာရီမှစ၍ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး ပဉ္စမအသုတ်(ဒုတိယအကြိမ်)ကို အောက်တိုဘာ(၂၉)ရက်မှ နိုဝင်ဘာ (၁) ရက်အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့ သမ္မတနိုင်မှ ထုတ်လုပ်သော  Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦးနှုန်း ထိုးနှံပေးလျက်ရှိကြောင်း၊ ဒုတိယအကြိမ်ကာကွယ်ဆေးကို လူဦးရေ (၈၃၇၀)ဦးအား စုရပ်များ၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ဒုတိယအကြိမ်ထိုးနှံပြီးသူများကို ၂ ကြိမ်ထိုးနှံပြီးစီးကြောင်း လက်မှတ်များထုတ်ပေးခဲ့ကြောင်း၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများမှတ်တမ်းယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက လာရောက်ထိုးနှံလာရောက်သူများကို သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ပုံမှန်အခြေအနေရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေး ထိုးနှံပြီးသည့်သူများကို မိနစ်(၃၀)ခန့်အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထွေးငယ်(ပြန်/ဆက်)