ငဖဲ အောက်တိုဘာ ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ မန်းချောင်းရေလှောင်တမံသည် အောက်တိုဘာ ၃၁ ရက် နံနက် ၆နာရီအချိန် တိုင်းထွာချက်အရ တမံရေပြည့်အမှတ် (၆၂၅) ပေ အထက် ရေပိုလွှဲမှ(၀.၃) ပေ ရေကျော်ကျမှုရှိပြီး ရင်းရှည် ရေလှောင်တမံမှ တမံရေပြည့်အမှတ် (၆၀၂)ပေတွင် (၆၀၁.၄)ပေဖြင့် ရေကျော်ကျမှုမရှိတော့ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူးဦးအောင်ကိုဦးထံမှ သိရသည်။
ငဖဲမြို့နယ်တွင် အောက်တိုဘာ ဒုတိယပတ်အတွင်း မိုးရွာသွန်းမှုများပြားခဲ့သည့်အတွက် တမံများအတွင်း တောင်ကျချောင်းရေနှင့်မိုးရေများ အဝင်များပြီး ရေပြည့်မှတ် ရောက်လာခြင်းဖြစ်ကြောင်း၊ အောက်တိုဘာ ၁၉ ရက်တွင် မန်းချောင်းတမံနှင့် ရင်းရှည်တမံရေပိုလွှဲများမှ ၁ ပေကျော်အထိ ရေကျော်ကျမှုရှိခဲ့ကြောင်း၊ နောက်ရက်များတွင် မိုးရွာသွန်းမှုနည်းပါးခဲ့သည့်အတွက် ရေကျော်ကျမှု တဖြည်းဖြည်း ပြန်လည်လျော့နည်းလာခဲ့ရာ ယနေ့တွင် မန်းချောင်းတမံရေပိုလွှဲမှ ၀.၃ ပေခန့်သာ ရေကျော်ကျမှုရှိနေပြီး ရင်းရှည်တမံမှ ရေကျော်ကျမှုမရှိတော့ကြောင်း၊ မန်းတမံ ဝန်ထမ်းများမှ တမံများအတွင်း ရေဝင်ရောက်မှု အခြေအနေကို အမြဲမပြတ်စောင့်ကြည့်လျက်ရှိကြောင်း၊ ရေပိုလွှဲမှ ရေကျော်ကျမှု အခြေအနေအား မန်းတမံ အောက်ဘက်ရှိ ကျေးရွာများမှပြည်သူများ ကြိုတင်သိရှိနိုင်ရန် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)


