သာယာဝတီခရိုင် အောက်တိုဘာ ၃၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မင်းလှမြို့နယ်နှင့် မိုးညိုမြို့နယ်တွင် ၂၀၂၀−၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ရေရရှိရေးလုပ်ငန်းများအား သာယာဝတီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းလွင်နှင့် ၀န်ထမ်းများက အောက်တိုဘာ ၃၀ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းလွင်က မင်းလှမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ ကာ ခရိုင်တာဝန်ခံ အင်ဂျင်နီယာဝန်ထမ်းက စာရင်းဇယားများ ဆောင်ရွက်ထားရှိမှုကို စစ်ဆေးခဲ့သည်။ မင်းလှမြို့နယ်၊ ရွေးကုန်းအုပ်စု၊ စမ်းကြီးကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ကိုလည်း ကွင်းဆင်းစစ်ဆေးပြီး ကျေးရွာရေပေးရေး ကော်မတီဝင်များနှင့်တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် မိုးညိုမြို့နယ်၊ ရေကင်းအုပ်စု၊ သက်ကယ်တန်းကျေးရွာတွင် ၂၀၂၀−၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးခွင့် ပြုရန်ပုံငွေကျပ်(၁၇.၉၅)သန်းဖြင့် ဆောင်ရွက်ထားသည့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ စင်မြင့်ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ စင်မြင့်ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းနှင့် အခြားဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား သတ်မှတ်အရည်အသွေး ပြည့်စုံမှု ရှိ/ မရှိ နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးခြင်းလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ရေရရှိရေးကော်မတီဝင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းများ ရေရှည် တည်တံ့ခိုင်မြဲစေရေး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် နယ်မြေဒေသနှင့် သင့်တော်သည့် နည်းလမ်းများကို စနစ်တကျ ရွေးချယ်ပြီး နည်းလမ်းမျိုးစုံဖြင့် ရေရရှိရေးလုပ်ငန်းများကို အစဉ်တစိုက် ဦးစားပေး ဆောင်ရွက်လျက်ရှိ ကြောင်း သာယာဝတီခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဖြိုးလေး


