နမ္မတူ အောက်တိုဘာ ၃၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းနှင့် အလှူရှင်များပူးပေါင်း၍ နမ္မတူမြို့နယ်အတွင်းရှိ ညောင်ပန်လှ၊ မန်ခေကျေးရွာတို့ရှိ အိမ်ထောင်စု (၆၀)စုတို့အတွက် အခြေခံစားသောက်ကုန်နှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ ပေးအပ်လှူဒါန်းခြင်းကို အောက်တိုဘာ ၃၀ ရက်က အဆိုပါကျေးရွာများ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် မိတ်ဆွေကောင်းလှူမှုကူညီရေးအသင်းမှ တာဝန်ခံ ဦးအောင်ဆန်းမြင့်နှင့် အလှူရှင်များက ချောင်းဆာကျေးရွာအုပ်စု၊ ညောင်ပန်လှကျေးရွာရှိ အိမ်ထောင်စု (၄၅)စု၊ ပန်လုံကျေးရွာအုပ်စု၊ မန်ခေကျေးရွာရှိ အိမ်ထောင်စု (၁၅)စု စုစုပေါင်းအိမ်ထောင်စု (၆၀)စု လူဦးရေ (၂၅၁)ဦးတို့အတွက် အခြေခံစားသောက်ကုန် ဆန်အချိန် ပြည် (၃၀၀)၊ ဆီပိဿာချိန် (၃၀)၊ ကုလားပဲ ပိဿာချိန် (၃၀)၊ ငါးခြောက် (၁၅)ပိဿာနှင့် လက်ဆေးဆပ်ပြာ (၂၅၁)ခဲအား ပေးအပ်လှူဒါန်းခဲ့ပြီး ကျေးရွာအတွင်းရှိ ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် တစ်ကိုယ်ရည် သန့်ရှင်းကျန်မာစေရေးအတွက် ဆံပင်ညှပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မိတ်ဆွေကောင်း လူမှုကူညီရေးအသင်း တာဝန်ခံ ဦးအောင်ဆန်းမြင့်ကပြောသည်။
ထို့အပြင် နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ တစ်အိမ်ထောင်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တစ်ဘူးနှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု (၆၀) အတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ဘူး(၆၀)အား ကျေးရွာနေပြည်သူများ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)


