ကန်ကြီးထောင့် အောက်တိုဘာ   ၃၁


ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်း၌ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ဆောက်ရွက်ထားပြီး ဖြစ်သကဲ့သို့ မြို့ပေါ်အမှတ်၁ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၊ အ.မ.က(၁)မင်းကုန်း၊ အ.မ.က (၂)ဘောလုံးကွင်းကျောင်း၊ အ.မ.က(၁၆)သာယာကုန်းကျောင်းတို့အား နိုဝင်ဘာ၁ရက်တွင် ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက်တွင် သန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံမှ သိရသည်။


ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် "ကျွန်မတို့အနေနဲ့ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တဲ့ အခါမှာ ကလေးတွေ အဆင်သင့် ကျောင်းတက်ပညာသင်ယူနိုင်စေဖို့ ကျောင်းဝန်း၊ ကျောင်းပြင် သန့်ရှင်းရေးနဲ့ စာသင်ခန်းတွေအတွင်းမှာလည်း ထိုင်ခုံများ အဆင်သင့် ပြင်ဆင်ထားရှိ‌ပြီးဖြစ်ပါတယ်။ ကျောင်းစာကြည့်တိုက်နဲ့ ကွန်ပျူတာခန်း၊ သိပ္ပံခန်းတွေကိုလည်း သန့်ရှင်းရေးများပြုလုပ်ထားပြီး ကျောင်းတက်တဲ့အခါလူစု လူဝေးမဖြစ်ပေါ်စေဖို့၊ စနစ်တကျ လက်ဆေးကြောနိုင်ဖို့၊ လက်ဆေးကန်များနဲ့ လက်သန့်ဆေးရည်များကို စီစဉ်ထားပြီး ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေဖို့၊ အားကစားပြုလုပ်နိုင်ဖို့ အားကစားခန်းမတွေကိုလည်း အဆင်သင့် ပြုလုပ်ထားပြီး ဖြစ်ပါတယ်"ဟုမြို့နယ်ပညာရေးမှူး ဒေါ်တင်မေသန်းကပြောသည်။


ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရောဂါဘယကင်းဝေးစွာဖြင့် ပညာသင်ယူနိုင်စေရန်အတွက် မြို့နယ်အတွင်းရှိ အသက်၁၂နှစ်အထက်ကျောင်းသား၊ ကျောင်းသူ ၈၃၆၂ ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)