ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၃၁
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို နိုဝင်ဘာ (၁)ရက်မှစတင်၍ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ရာ ကျောင်းဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်း သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အတွင်း ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာတွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ် ပညာရေးမှူး ဒေါ်ကြည်ကြည်မြင့် ဦးဆောင်၍ မြို့နယ်အတွင်း အခြေခံပညာကျောင်း(၁၄၉)ရှိ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများက ကျောင်းစာသင်ခန်းမများအတွင်း စုပေါင်းသန့်ရှင်းရေးများကို ဆောင်ရွက်ခြင်း၊ စာသင်ခုံများ စနစ်တကျစီခြင်း၊ လက်ဆေးဘေစင်များ စနစ်တကျထားရှိပေးခြင်း၊ ကျောင်းပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ထန်းတပင်မြို့နယ်အတွင်းအခြေခံပညာကျောင်း(၁၄၉)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၆) ကျောင်းနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်းရှိပြီး ကျောင်းဖွင့်လှစ်ရာတွင် အဆင်သင့် ဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကိုလည်း တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက် ရှိသည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင်လည်း ကျောင်းသားမိဘများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးနှိုးဆော်မှုများနှင့် ဆရာ၊ ဆရာမများကြိုတင်ဆောင်ရွက်ရမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်မှုများကို အသိပညာပေးအနေဖြင့် ပြသ ဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


