ဆားလင်းကြီး အောက်တိုဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေများ ရရှိစေရန်ရည်ရွယ်၍ မိုးကြိုးပြင်၊ ကျိုင်းခမောက်၊ ဆင်ဖြူချည်၊ ညောင်ပင်တို ကျေးရွာလေးရွာ၌ အဝီစိစက်ရေတွင်း တူးဖော်ခြင်းနှင့်ဆက်စပ်လုပ်ငန်းများအား ၂၀၂၁-၂၀၂၁ခုဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ပြည်ထောင်စု၊ မွမ်းမံခွင့်ပြုရန်ပုံငွေများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မိုးကြိုးပြင်ကျေးရွာတွင် သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ဂါလံ ၅၀၀၀ ဆံ့ ရေစုကန် တစ်ကန်တည်ဆောက်ခြင်း၊ ကျေးရွာတွင်း ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ကျိုင်းခမောက်ကျေးရွာတွင် လေးလက်မ အဝီစိစက်ရေတွင်း တစ်တွင်းတူးဖော်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တစ်ခုတည်ဆောက်ခြင်း၊ ရေစက်ရုံတစ်ခုတည်ဆောက်ခြင်း၊ ဆင်ဖြူချည်ကျေးရွာတွင် လေးလက်မ အဝီစိစက်ရေတွင်း တစ်တွင်းတူးဖော်ခြင်း၊ ပန့်တပ်ဆင်ခြင်း၊ ကျေးရွာတွင်း ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ညောင်ပင်တိုကျေးရွာတွင် လေးလက်မ အဝီစိစက်ရေတွင်း တစ်တွင်းတူးဖော်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့စင်မြင့်ရေစင်တစ်ခုတည်ဆောက်ခြင်း၊ ရေစက်ရုံတစ်ခု တည်ဆောက်ခြင်း၊ မီးလိုင်းသွယ်တန်းခြင်းလုပ်ငန်းများအား ၂၀၂၁-၂၀၂၁ခုဘဏ္ဍာနှစ် ခြောက်လတာ ကာလအတွင်း ပြည်ထောင်စု၊ မွမ်းမံခွင့်ပြုရန်ပုံငွေကျပ်သန်း ၉၀ကျော်ဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများက အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဝင်းက ပြောပြသည်။
အဆိုပါ ကျေးရွာလေးရွာတွင် သောက်သုံးရေရရှိရေး အဝီစိစက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာလေးရွာအတွင်းရှိ အိမ်ခြေ ၉၄၅ အိမ်မှ လူဦးရေ ၅၁၀၀ အပြင် ကျွဲနွားတိရစ္ဆာန်များအတွက်ပါ ရာသီမရွေး သောက်သုံးရေရရှိရေး အကျိုးပြုမည်ဟု မြို့နယ်ဦးစီးမှူး ဦးညီညီဝင်းက ဆက်လက်ပြောပြသည်။
ငြိမ်းသူ


