အောက်တိုဘာ ၃၁
အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်အုပ်စုပွဲစဉ်များ ထုတ်ပြန်လိုက်ပြီဖြစ်ပြီး မြန်မာအသင်းသည် လက်ရှိချန်ပီယံ ဂျပန်အသင်းနှင့် ပွဲဦးထွက်ကစားရမည် ဖြစ်သည်။
ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အုပ်စုသုံးခုခွဲ၍ ပြုလုပ်မည်ဖြစ်သည်။
မြန်မာအသင်းသည် နောက်ဆုံးအဆင့်တွင် အုပ်စု (C) တွင် လက်ရှိချန်ပီယံ ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်အသင်းတို့နှင့် အုပ်စုကျပ်အတွင်း ကျရောက်နေပြီး အခြားအုပ်စုများဖြစ်သည့် အုပ်စု (A) တွင် အိမ်ရှင်အိန္ဒိယ၊ တရုတ်၊ တရုတ်တိုင်ပေ၊ အီရန်၊ အုပ်စု (B) တွင် သြစတြေးလျ၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအသင်းတို့ ပါဝင်နေသည်။
ပွဲစဉ်ရေးဆွဲထားမှုအရ မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် လက်ရှိချန်ပီယံ ဂျပန်အသင်းနှင့် ဇန်နဝါရီ ၂၁ ရက်တွင် စတင်ကစားရမည်ဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်တွင် တောင်ကိုရီးယားအသင်း၊ ဇန်နဝါရီ ၂၇ ရက်တွင် ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် အောက်တိုဘာ ၂၈ ရက်က အုပ်စုမဲခွဲပွဲပြုလုပ်ပြီးနောက် ရက်ပိုင်းအကြာမှာပင် အုပ်စုပွဲစဉ်များ အတည်ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီနှင့် တတိယနေရာရအသင်းများအနက် အကောင်းဆုံးနှစ်သင်း၊ စုစုပေါင်း ရှစ်သင်းမှာ ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။
မြန်မာအသင်းသည် ခြေစစ်ပွဲအပြီးတွင် လေ့ကျင့်မှုခေတ္တရပ်နားထားပြီး နောက်ဆုံးအဆင့်ပွဲစဉ်များအတွက် နိုဝင်ဘာဒုတိယပတ်တွင် ပြန်လည်လေ့ကျင့်ရန် စီစဉ်ထားကြောင်း သိရသည်။
မြန်မာအသင်းသည် အာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ငါးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်။
သတင်း-ရဲရင့်လွင်
ဓာတ်ပုံ - AFC