သုံးခွ နိုဝင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ အမှတ်(၂)ရပ်ကွက် မင်းရဲကျော်စွာလမ်းရှိ ဧရိယာ ၃၁ ဧက ကျယ်ဝန်းသော ရေကန်ကြီး၏ ကန်ပေါင်နှင့် ကန်အတွင်း မြက်၊ ဒိုက်များ ရှင်းလင်းခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အောက်တိုဘာ ၃၀ ရက်က ဆောင်ရွက်သည်။
အဆိုပါရေကန်သည် မြို့တွင်းသို့ ရေပိုက်လိုင်းဖြင့် ရေဖြန့်ဝေပေးနေသောရေကန်ကြီးဖြစ်ပြီး ယခုအခါ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်ရာ ရေကန်ကြီးမှ သောက်သုံးရေများကို ပြည်သူများအဆင်ပြေစွာ သုံးစွဲနိုင်ရန် ရပ်ကွက်အလိုက် အလှည့်ကျစနစ်ဖြင့် နိုဝင်ဘာလဆန်းပိုင်းမှစ၍ ရေဖြန့်ဝေပေးတော့မည်ဖြစ်သည်။
ထို့ကြောင့်ရေကန်ကြီးဝန်းကျင်သန့်ရှင်းသာယာ စေရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးအတွက် ရေကန်ကြီး၏ ကန်ပေါင်ပေါ်ရှိ မြက်၊ ချုံများ ရှင်းလင်းခြင်းနှင့် ကန်ပေါင်အတွင်းရှိ မြက်၊ ဒိုက်များကို စက်ယန္တရားဖြင့် ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းများကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးခိုင်ကြည်သာလှနှင့် တာဝန်ခံအင်ဂျင်နီယာ ဦးထွန်းထွန်း လင်းတို့က ကြီးကြပ်၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ကိုကျော်(သုံးခွ)


