စစ်ကိုင်း နိုဝင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၃၁ ရက်က ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခန္တီးခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။
ဦးစွာ ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ခန္တီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ခန္တီးခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးများက မိမိတို့ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိတ်ဆက်ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ အားကစားပစ္စည်းများနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများ၊ ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလက်မှတ်နှင့် မှတ်ပုံတင်များ၊ လုံခြုံရေးအဖွဲ့များအတွက် ငွေကျပ်(၅)သိန်းနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများကို တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဟန်ထွန်း (အင်းဝ)


