ပဲခူး နိုဝင်ဘာ ၁
ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးခဲ့သည့် Oxygen Plant များနှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများအား ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ(၃၁) ရက်နေ့ နံနက်(၁၀)နာရီက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ထောက်ပံ့ပေးခဲ့သည့် Oxygen Plant များနှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ၏ စာရင်းဇယားများအား ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက Oxygen Plant များနှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ၏ မှတ်တမ်းဓာတ်ပုံများ၊ ဂုဏ်ပြုထောက်ပံ့ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များအား တိုင်းဒေသ၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးများထံသို့လည်းကောင်း အသီးသီး လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး၌ ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် Oxygen Plantများနှင့် စက်ရုံများတည်ဆောက်ခြင်းအတွက် ကျပ်သန်း (၂၄၈၀.၇၅)၊ သီးခြားထောက်ပံ့ငွေများနှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


