ကျောက်ပန်းတောင်း နိုဝင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် နိုဝင်ဘာ(၁)ရက်နေ့ နံနက် ၈ နာရီခွဲမှစ၍ အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ်လျှက်ရှိပြီး ကျောင်းအသီးသီးတွင် ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ စိတ်အေးချမ်းသာယာစွာ ပညာသင်ကြားလျှက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် အထက်တန်းကျောင်း(၁၇)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၃၇)ကျောင်း၊ အလယ်တန်းကျောင်း(၂၈)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၂၃)ကျောင်းနှင့် မူလတန်းလွန်ကျောင်း(၅၄)ကျောင်းရှိပြီး၊ မူလ တန်းအဆင့် ကျောင်း(၁၀၉)ကျောင်းရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းအသီးသီးတွင် ကျောင်းသား ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားနိုင်စေရေးအတွက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ကျောင်းဝန်းများတွင် အဖွဲ့အစည်းပေါင်းစုံဖြင့် စုပေါင်းသန့်ရှင်းရေးများ ကြိုတင်ဆောင်ရွက်ထားရှိပြီး ယနေ့ကျောင်းတက်ချိန်တွင်လည်း ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ နေထိုင်၍ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန်အတွက် သက်ဆိုင်ရာမှ လုံခြုံရေးဆိုင်ရာကိစ္စများကို ပူးပေါင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ကိုနေ(ကျောက်ပန်းတောင်း)


