နတ်မောက် နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဆည်အောက်ရှိ တောင်သူများ စိုက်ပျိုးရေးအတွက် မှီခိုအားထားရသည့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုများလာပြီး တမံရေပိုလွှဲမှ ယနေ့နံနက်(၆)နာရီအချိန် တိုင်းထွာချက်အရ( ၀ ဒသမ ၉၀)ပေ ဆက်လက်ရေကျော်ကျ လျက်ရှိကြောင်း အဆိုပါနတ်မောက်ရေလှောင်တမံမှ တာဝန်ခံ ထံကသိရသည်။
နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် အောက်တိုဘာလ (၃၁) ရက်နေ့တွင် တမံရေပြည့်အမှတ် (၆၈၃)ပေ၊ လက်ရှိရေအမှတ်( ၆၈၃ ဒသမ ၉ )ပေရှိ၍ ( ၀ ဒသမ ၉၀ )ပေ ခန့်ရေပိုလွှဲမှ ရေကျော်ကျခဲ့ပြီး ယနေ့နံနက်(၆)နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ်( ၆၈၃ ဒသမ၈ )ပေရှိပြီး ( ၀ ဒသမ ၈၀ ) ပေ ရေပိုလွှဲမှဆက်လက် ရေကျော်ကျလျက်ရှိကြောင်း သိရသည်။
နတ်မောက်ရေလှောင်တမံရေပိုလွဲမှရေကျော်ကျမှု လျော့နည်းလာသော်လည်း တမံအတွင်းရေဝင်ရောက်မှု အခြေအနေနှင့်တမံရေပိုလွှဲမှရေကျော်ကျမှုအခြေအနေများကို တမံအောက်ဘက်ရှိဒေသခံပြည်သူများ သိရှိအောင် ဆောင်ရွက်ထားကြောင်း၊ မျက်မြင်စစ်ဆေးမှုအခြေအနေများအရ တမံနှင့်တမံဆက်စပ်ရေအား အဆောက်အအုံများ အားလုံးကြံ့ခိုင်ကောင်းမွန်ကြောင်း၊ ဝန်ထမ်းများကိုလည်း ရေကင်းဂျူတီချကာ (၂၄) နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး တာဝန်ရှိသူအဆင့်ဆင့်မှလည်း အချိန်နဲ့တပြေးညီ ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံဦးထိန်လင်းထံက သိရသည်။
သင်းသင်းမြတ်(နတ်မောက်ပြန်/ဆက်)


