လယ်ဝေး နိုဝင်ဘာ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက်(၈)နာရီခွဲက စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရေးနှင့်ပတ်သက်၍ လယ်ဝေးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းမြင့်က “ကျောင်းသားကျောင်းသူတွေကို ယနေ့နံနက်ပိုင်းမှစ၍ စာသင်ကြားပေးနေပါပြီ၊ အခုထိ လည်းကျောင်းလာအပ်နေကြပါတယ်၊ ရာနှုန်းပြည့်တော့ ကျောင်းတက်ရောက်မှုမရှိသေးပါဘူး၊ ကျောင်းလာတက်ရောက်တဲ့ ကလေးတွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကျောင်းအတွင်းမဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းနှင့် မျက်နှာအကာများ တပ်ဆင်ခြင်း၊ လက်ဆေးဘေစင်များတွင် စနစ်တကျ လက်ဆေးခြင်းများ ဆောင်ရွက်ပြီးမှ ပညာသင်ကြားပေးလျက်ရှိကြောင်း”ပြောကြားသည်။
လယ်ဝေးမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း(၁၈)ကျောင်း၊ အထက် တန်းကျောင်းခွဲ(၁၈)ကျောင်း၊ အလယ်တန်းကျောင်း(၁၄)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၂၆)ကျောင်း၊ မူလတန်းလွန်ကျောင်း(၅၁)ကျောင်း၊ မူလတန်းကျောင်း(၁၁၈)ကျောင်း၊ မူလတန်းခွဲ(၁၉)ကျောင်း စုစုပေါင်း(၂၆၄)ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သတင်းရရှိသည်။
နေဇော်ချစ်(ပြန်/ဆက်)


