ကျိုက်မရော နိုဝင်ဘာ ၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုဝင်ဘာ ၁ ရက်မှစတင်၍ ဖွင့်လှစ်ရာ ကျိုက်မရောမြို့နယ် အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများမှ ကျောင်းသားကျောင်းသူများက ယနေ့နံနက် ၉ နာရီမှစတင်ကာ အေးချမ်းစွာ လာရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကျောင်းတက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများအား သက်ဆိုင်ရာ ဆရာ၊ဆရာမများက ကိုယ်ပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းများတပ်ဆင်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေစေ၍ သင်ခန်းစာများပို့ချပေးလျက်ရှိသည်။

ကျိုက်မရောမြို့နယ်တွင် အ.ထ.ကကျောင်း ၈ ကျောင်း၊ အ.ထ.ကခွဲ ၁၁ ကျောင်း၊ အ.လ.က ၈ ကျောင်း၊ အ.လ.ကခွဲ ၁၇ ကျောင်း၊ မူလွန်ကျောင်း ၂၈ ကျောင်း၊ အ.မ.ကကျောင်း ၆၈ ကျောင်း၊ အ.မ.ကခွဲ ၁ ကျောင်း စုစုပေါင်း ၁၄၁ ကျောင်းရှိပြီး ကျောင်းအပ်နှံထားသော ကျောင်းသား၊ ကျောင်းသူ ၁၄၀၀၅ ဦးရှိပြီး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကျောင်းများလုံခြုံရေးနှင့် ကျောင်းသားကျောင်းသူများ လုံခြုံရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ကျောင်းသားမိဘများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)