မြိတ် နိုဝင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အခြေခံပညာကျောင်းများအားလုံးကို ယနေ့တွင် ပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိပြီး ဆရာ/မများနှင့် ကျောင်းသား/သူများက ပညာသင်ကြားသင်ယူမှုများ ဆောင်ရွက်လျက် ရှိကာ ကျောင်းမအပ်ရသေးသည့် ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
“ မြိတ်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်တော်ကြီးသင်ပညာရေးကျောင်း အားလုံး စုစုပေါင်း(၁၅၆)ကျောင်း ဖွင့်လှစ်လျက်ရှိပါတယ်။ ကျောင်းတက်ချိန်အနေနဲ့ ပုံမှန်ကျောင်းတက်ချိန် အတိုင်း သင်ကြားလျက်ရှိပါတယ်။ ကျောင်းအပ်လက်ခံတာနဲ့ပတ်သက်ပြီး ကျောင်းမအပ်ရသေးတဲ့ ကျောင်းသား/ သူတွေကို နိုဝင်ဘာ(၁)ရက်မှ(၂၀)ရက်အထိ လက်ခံဖို့ လမ်းညွှန်မှာကြားထားပြီးဖြစ်ပါတယ်။ သင်ကြားသင်ယူမှု အပိုင်းအနေနဲ့ အခြေခံပညာဦးစီးဌာနမှ လမ်းညွှန်ထားတဲ့ သင်ရိုးညွှန်းတန်းအတိုင်း သင်ကြားပေးသွားမှာဖြစ်ပြီး ဖေဖော်ဝါရီ တတိယအပတ်တွင် နှစ်ဆုံးစာမေးပွဲ ကျင်းပသွားမှာဖြစ်ပါတယ်” ဟု မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန် က ပြောသည်။
စာသင်ကျောင်းများကို ကျောင်းတက်ချိန် ပုံမှန်အတိုင်းဖွင့်လှစ်ကာ အထက်တန်း၊ အလယ်တန်း၊ မူလ တန်း ကျောင်းသား/သူအား ဆရာ/မများက အတန်းအလိုက် ကိုဗစ် ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ပညာသင်ကြားပေးလျက်ရှိကြသည်။ မြိတ်မြို့ရှိ အထက်တန်းကျောင်းများတွင် ပညာသင်ကြားသင်ယူနေမှုများနှင့် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေမှု အား ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် ပညာရေးမှူးများနှင့် တာဝန်ရှိသူတို့က လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
မြိတ်မြို့နယ်တွင် အထက်တန်းကျောင်း(၁၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၉)ကျောင်း၊ အလယ်တန်း ကျောင်း(၁၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၉)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၄)ကျောင်း၊ မူလတန်းကျောင်း (၇၂)ကျောင်း၊ မူလတန်ကျောင်း(ခွဲ)(၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း (၉)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


