ပင်လောင်း နိုဝင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု များပြားလာလျက်ရှိသောကြောင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီမှ အောက်တိုဘာ ၃၁ ရက်တွင် အမိန့်အမှတ် (၁/၂၀၂၁)ဖြင့် မြို့နယ် နယ်နိမိတ်ဧရိယာအတွင်း Local Semi-Lockdown ကာလ ထုတ်ပြန်သတ်မှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကြေညာချက်အား ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်းရှိ မိဘပြည်သူများထံ ကျယ်ပြန့်စွာ အသိပေးနိုင်ရေးအတွက် အောက်တိုဘာ ၃၁ ရက် ညနေပိုင်းက သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အသိပေးပြောကြားပေးနိုင်ရန် ကြေညာချက်ပါ အချက်(၁၄)ချက်အား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ထက်မှ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သိရှိလိုသည့်အချက်များအား မေးမြန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ပင်လောင်း)


