ပဲခူး နိုဝင်ဘာ ၁
ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးခဲ့သည့် Oxygen Plant များနှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများအား ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာ ၃၁ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ထောက်ပံ့ဆောင်ရွက်ပေးခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ထောက်ပံ့ပေးခဲ့သည့် Oxygen Plant များနှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ၏ စာရင်းဇယားများအား ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့ လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက Oxygen Plant များနှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ၏ မှတ်တမ်းဓါတ်ပုံများ၊ ဂုဏ်ပြုထောက်ပံ့ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား တိုင်းဒေသ၊ ခရိုင်နှင့် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးမှူးများထံသို့ လည်းကောင်း အသီးသီး လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသီဟက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီး၌ ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် Oxygen Plant များနှင့် စက်ရုံများ တည်ဆောက်ခြင်းအတွက် ကျပ်သန်း (၂၄၈၀ ဒသမ ၇၅)၊ သီးခြားထောက်ပံ့ငွေများနှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


