ပခုက္ကူ နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများကို နိုဝင်ဘာလ ၁ ရက် နံနက် ၉ နာရီခွဲက စတင်၍ ကိုဗစ် - ၁၉ ကာကွယ်ထိန်းသိမ်းရေးစည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။
ထိုသို့ဖွင့်လှစ်သင်ကြားရာတွင် ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အလယ်တန်းအဆင့် ကျောင်းသား ၂၃ဦး၊ ကျောင်းသူ ၁၆ဦး၊ အထက်တန်းအဆင့် ကျောင်းသား ၁၄ဦး၊ ကျောင်းသူ ၁၂ဦး စုစုပေါင်း ၆၅ဦး တက်ရောက်လျက်ရှိကြောင်း၊ စာရင်းရှိအနေဖြင့် အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူစာရင်းရှိစုစုပေါင်း ၁၉၇ ဦးရှိပြီး ပျက်ကွက်သူ ၁၃၂ဦးရှိကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနွယ်ထံက သိရသည်။
ထို့အပြင် ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ၄၁ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၇၇ကျောင်း၊ မူလတန်းကျောင်း၁၀၅ကျောင်း စုစုပေါင်း၂၂၃ကျောင်းရှိပြီး ကျောင်းလာရောက်အပ်နှံသည့် မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူ ၅၆၈၉ဦး၊ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၄၆၃၇ ဦးရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျောင်းဝန်းအဝင်အတွင်း ဆပ်ပြာနှင့်လက်ဆေးဘေစင်ထားရှိပြီး လက်ကိုစနစ်တကျ ဆေးကြောစေခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျတပ်ဆင်စေခြင်းများ ပြုလုပ်ပြီးမှသာ ကျောင်းသား၊ ကျောင်းသူများအား စာသင်ခန်းအတွင်းသို့ ဝင်ရောက်စေကြောင်း၊ ကျောင်းလာရောက်အပ်နှံသူများအား ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက်နေ့နောက်ဆုံးထား၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
အဆိုပါအခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေမှုများကို ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးမောင် မောင်လွန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီတို့က လိုက်လံကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)


