ရန်ကုန် နိုဝင်ဘာ ၁

 

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုဝင်ဘာ ၁ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ဗဟန်းမြို့နယ်၊ အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

ကျောင်းတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ ဆရာ၊ ဆရာမများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေစေ၍ သင်ခန်းစာများ ပို့ချသင်ကြားပေးလျက်ရှိသည်။

 

ဗဟန်းမြို့နယ်အတွင်း၌ အခြေခံပညာကျောင်းပေါင်း အခြေခံပညာ အထက်တန်းအဆင့်ကျောင်း (၃)ကျောင်း၊ အခြေခံပညာ အလယ်တန်းအဆင့်ကျောင်း (၃)ကျောင်းနှင့် အခြေခံပညာ မူလတန်းအဆင့်ကျောင်း (၁၆)ကျောင်းရှိကြောင်း၊ ကျောင်းအပ်နှံထားသော ကျောင်းသားကျောင်းသူ စုစုပေါင်း ၄၆၀၉ ဦးရှိပြီး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့် ဆရာ၊ဆရာမများက ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းများလုံခြုံရေးနှင့် ကျောင်းသားကျောင်းသူများ လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

 

အောင်မြင့်(ပြန်/ဆက်)