ဒက္ခိဏသီရိ၊ နိုဝင်ဘာ ၁
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ယနေ့နံနက်ပိုင်းမှစတင်၍ ပြန်လည်ဖွင့်လှစ် သင်ကြားပေးနေလျက်ရှိသည်။
ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများအား ပညာသင်ကြားရာတွင် ကျောင်းအတွင်းမဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းများနှင့် မျက်နှာအကာများ တပ်ဆင်စေခြင်း၊ ကျောင်းအတွင်းထားရှိသည့် လက်ဆေးဘေစင်များတွင် စနစ်တကျ လက်ဆေးစေခြင်း၊ စာသင်ခုံတစ်ခုံလျှင်နှစ်ဦး သင်ကြားစေလျက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများ၊ ဆရာ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ဒက္ခိဏသီရိမြို့နယ်အတွင်း၌ အခြေခံပညာ အထက်တန်းကျောင်း (၃)ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (၂)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) (၄)ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း (၄)ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း (၉)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂)ကျောင်း စုစုပေါင်း(၂၄)ကျောင်းတို့တွင် ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာ သင်ကြားနေကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)


