ကျိုက်လတ်  နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း ယာယီပိတ်ထားခဲ့ရာမှ ယခုအခြေအနေတွင် ရောဂါကူးစက်မှု နှုန်းများ ကျဆင်းလာသည့်အတွက် ယနေ့ နိုဝင်ဘာ(၁)ရက်နေ့မှ စ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံး ပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။

ကျိုက်လတ်မြိုနယ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်နေမှုအား၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်းအောင် နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မြို့ပေါ် အထကကျောင်းများ၊ ကျေးရွာများရှိ အလကကျောင်းများတွင် ကျောင်းများဖွင့်လှစ်နေမှု ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ယခုကျောင်းပြန်လည် ဖွင့်လှစ်သင်ကြားရာတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ သင်ကြားပို့ချဆောင်ရွက်လျက်ရှိကြောင်း၊ တက်ရောက်သည့် ကျောင်းသားကျောင်းများမှ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ကာကွယ်ဆေးများ ဆက်လက်ထိုးပေးသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းသား/သူများ ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးကိစ္စရပ်များကိုလည်းစီမံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်တွင် အထက(၁၇)ကျောင်း၊ အထကခွဲ(၁၀)ကျောင်း၊ အလက(၁၀)ကျောင်းအလကခွဲ(၁၈)ကျောင်း၊ မူလွန်(၂၉)ကျောင်း၊ အမက(၁၁၄)ကျောင်းနှင့် ဘကကျောင်း(၆)ကျောင်းတို့တွင် ကျောင်းအပ်နှံထားသူ ကျောင်းသားကျောင်းသူဦးရေ ၄၀၀၀၀ ကျော်တက်ရောက်ပညာသင်ကြား သွားကြမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)