မိုင်းဖြတ် ၊ နိုဝင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရက်ကွက်နှင့်ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာလ ၃၁ နံနက်ပိုင်းက နမ့်နန်းကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်မြင့်ထွန်းက “ပန်းခင်းစီမံချက်"ဖြင့် ဆောင်ရွက်ပေးသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည် ယင်းနောက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို” အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်မြင့်ထွန်းနှင့် ဝန်ထမ်းများက နမ့်နန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ၅ရွာမှ နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်လျှောထားသူ (၆၂)ဦးနှင့် အိမ်ထောင်စုလူဦးရစာစာရင်း လျှောက်ထားသူ အိမ်ထောင်စု (၁၁)စု တို့ကို (အခမဲ့) ဆောင်ရွက်ပေးခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်” လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး


