သီပေါ နိုဝင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ ပုံမှန် လည်ပတ်နိုင်ရေးအတွက် ရန်ပုံငွေတည်ထောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ပိုင်းက သီပေါမြို့ မဟာမြတ်မုနိဘုရားကြီးရင်ပြင်တော်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီ နာယက ဆရာတော် ဦးပညာသီရိက စက်ရုံတည်ဆောက်ဖြစ်ခဲ့ပုံနှင့်ပတ်သက်၍ ရှင်းလင်း မိန့်ကြားခဲ့ပြီး ဆက်လက် လည်ပတ်နိုင်ရေးအတွက် ရန်ပုံငွေများရရှိစေရန် စီစဉ်ဆောင်ရွက်ထားမှုများကို မိန့်ကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်စိုးဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး လစဉ် အောက်ဆီဂျင် အခမဲ့ပေးဝေနိုင်ရေး ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တင်ပြဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် သီပေါမြို့နယ် အောက်ဆီဂျင် စက်ရုံ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးဇော်ဝင်းက သီပေါမြိုနယ်တွင် အောက်ဆီဂျင်ထုတ်စက်( Oxygen Plant)အား အောက်တိုဘာလ ၁ရက်နေ့မှ စတင်ပုံမှန်လည်ပတ်လျက်ရှိရာ တစ်နေ့လျှင် ၄၀ လီတာဆံ့အိုး (၅၀)လုံး ပုံမှန်ထုတ်လုပ်ပေးလျက် လူနာများအား အခမဲ့လှူဒါန်းပေးလျက်ရှိကြောင်း၊ အလှူငွေရရှိခြင်းအပေါ် မူတည်၍ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလမှစတင်ပြီး အောက်ဆီဂျင်လိုအပ်သော ပြည်သူများကို (၄၀)လီတာဆံ့အိုး (၁)အိုးလျှင် ၅၀၀၀ကျပ်နှုန်းဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိသောကိုဗစ်-၁၉ရောဂါအတည်ပြုလူနာများနှင့် အောက်ဆီဂျင်လိုအပ်သော လူနာများအား ဆက်လက်၍ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများ က အသီးသီးဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါပြန်/ဆက်)


