မုံရွာ နိုဝင်ဘာ ၁ 
   
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံတိုင်းရင်းသားများအား တွေ့ဆုံသည်။

ဦးစွာ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး နာဂဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် လေရှီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင်က မြို့နယ်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးများနှင့် ကိုဗစ်-၁၉ ကယ်ကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပတ်သက်၍ လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၄၀ လုံး၊ Concentator ၅ လုံး၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ အားကစားပစ္စည်းများနှင့် ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေးသုံးပစ္စည်းများအား တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိဂုံးချုပ် စကားပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆေးရုံဝန်ထမ်းများနှင့် ဆေးကုသမှုခံယူနေသော လူနာများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများအား ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများထံ ပေးအပ်၍ ဆေးကုသမှုခံယူနေသော ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးသည်။ 

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေရှီးမြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုဌာန ဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်ကြီးထံ သင်္ကန်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မြို့မနှစ်ခြင်းခရစ်ယာန်ကျောင်းသို့ သွားရောက်ကာ အသင်းအုပ်ဆရာ ဦးဆန်းဒေးထံ စာသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)