နေပြည်တော် နိုဝင်ဘာ ၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် စာသင်ခန်းများအလိုက် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများကို နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးကာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့် နေထိုင်ကြစေလိုကြောင်း၊ ကျောင်းစာများကို အလေးထားပြီး ကြိုးစား သင်ယူကြစေလိုကြောင်း၊ ယဉ်ကျေး လိမ္မာသော ကျောင်းသား ကျောင်းသူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ကျောင်းအုပ်ကြီး၊ ဆရာဆရာမများနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြရန် ကျန်ရှိသည့် အသက် (၁၂) နှစ်နှင့် အထက်ကျောင်းသား ကျောင်းသူများကို ဆက်လက်၍ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဆရာ/ ဆရာမများအနေဖြင့် မိမိတို့ ကျောင်းသား ကျောင်းသူများကို ပညာသင်ကြားပေးရုံသာမက ယဉ်ကျေးလိမ္မာသော စံပြကျောင်းသား ကျောင်းသူများ ဖြစ်လာစေရန်နှင့် လူတော်လူကောင်းများဖြစ်အောင် သင်ကြားပြသပေးစေလိုကြောင်း ပြောကြားသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း ၊ မူလတန်းကျောင်း စုစုပေါင်း (၇၅၇) ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း (၂၈) ကျောင်း၊ ကိုယ်ပိုင်ကျောင်း အထက်တန်း၊ အလယ်တန်း ၊ မူလတန်းကျောင်း စုစုပေါင်း (၇၄) ကျောင်း အပါအဝင်စုစုပေါင်း (၈၅၉) ကျောင်းတို့ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရာတွင် ကျောင်းအတွင်းမဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းများနှင့် မျက်နှာအကာများ တပ်ဆင်စေခြင်း၊ ကျောင်းအတွင်းထားရှိသည့် လက်ဆေးဘေစင်များတွင် စနစ်တကျ လက်ဆေးစေခြင်းများ ဆောင်ရွက်စေပြီး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


