နေပြည်တော်၊ နိုဝင်ဘာ  ၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ Myanmar Royal Fortune ကုမ္ပဏီနှင့် Myanmar Royal  Golden Elephant Medical Device ကုမ္ပဏီတို့က အနွေးထည် ၄၀၀၀ ကို ယနေ့နံနက်ပိုင်းတွင် လာရောက်ပေးအပ် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။  

ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လူ့ဂုဏ်သိက္ခာ အပြည့်အဝရရှိနိုင်မည့် လူ့အသိုက်အဝန်း ပေါ်ပေါက်လာစေရေးနှင့် အားလုံး အကျုံးဝင်ပြီး ရေရှည်တည်တံ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများဖြင့် ပြည်သူလူထု လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရေး မူဝါဒကို ချမှတ်ဆောင်ရွက်နေသည့် ဌာနတစ်ခု ဖြစ်ပါကြောင်း၊  ၂၀၂၁ ခုနှစ်၊ ဆောင်းရာသီကာလများတွင် အားအနည်းငယ်မှ အသင့်အတင့်ရှိသည့် လာနီညာအဆင့်ရာသီဥတု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားသည့်အတွက် မြန်မာနိုင်ငံမြောက်ပိုင်း အပါအဝင် အအေးပိုင်း ဒေသများတွင် အနွေးထည်များ လိုအပ်နိုင်ပါကြောင်း၊ လှူဒါန်းပစ္စည်းများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့) မှတစ်ဆင့် လိုအပ်ချက်ရှိသော ဒေသများရှိ ပြည်သူများကို ဖြန့်ဝေပေးမည်ဖြစ်သည့်အတွက် ကုမ္ပဏီနှစ်ခုက လရောက်လှူဒါန်းခြင်းအပေါ် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

သတင်းစဉ်