ညောင်ဦး နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမြို့ဟောင်း၊ ကန်တော့ပလ္လင် ဘုရားတောင်ဘက်တွင် ဖွင့်လှစ်ထားရှိသည့် ပုဂံရှေးဟောင်းသုတေသနပြတိုက်အား အောက်တိုဘာ ၂၈ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခက်ခက်လှ (ပြတိုက်တာဝန်ခံ) ထံက သိရသည်။
ပုဂံရှေးဟောင်းသုတေသနပြတိုက်အား ၂၀၂၀ ပြည့်နှစ် မတ်လ ၁၅ ရက်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်စေရန် ပိတ်ထားခဲ့ရာမှ အောက်တိုဘာ ၂၈ ရက်တွင် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းသုတေသနပြတိုက်သည် ပုဂံမြို့ဟောင်းအတွင်း အနောက်တောင်ဘက်တွင်ရှိပြီး တောင်ဘက် ရှေးဟောင်းမြို့ရိုးနှင့်ကပ်လျက် တည်ရှိသည်။ ပြတိုက်သစ်ကြီးအား ၁၉၉၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ၁၉၀၂ ခုနှစ်၊ ယခင်အခေါ် ကမ္ဗည်းကျောက်စာဌာန၊ ယခုအခေါ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကျောက်စာဝန် မစ္စတာတော်စိန်ခိုက ပုဂံတစ်ဝိုက်မှရရှိသော ရှေးဟောင်းကျောက်စာများနှင့် ရှေးဟောင်းပစ္စည်းများကို ပြသရန် အာနန္ဒာဘုရားမြောက်ဘက်တွင် ပြတိုက်တည်ဆောက်ပြီး ၁၉၀၄ ခုနှစ်တွင် ဖွင့်လှစ်ပြသခဲ့သည်။ နှစ်အတော်ကြာပြီး အာနန္ဒာဘုရားအနီးရှိ ပြတိုက်ငယ်မှာ သေးငယ်ခြင်း၊ ခင်းကျင်းပြသမှုပုံစံမှာလည်း ပစ္စည်းများ စုပုံပြသထားသကဲ့သို့ ဖြစ်နေခြင်း၊ နှစ်ပေါင်း ၆၀ ကျော်တွင် ရှေးဟောင်းပစ္စည်းများ တဖြည်းဖြည်း စုဆောင်းရရှိမှု များလာခြင်းများကြောင့် ပုဂံမြို့ဟောင်းအတွင်း ကန်တော့ပလ္လင်ဘုရား တောင်ဘက် မြေဧက ၈ ဒသမ ၁၆ ကျယ်ဝန်းသော မြေနေရာအစသစ်တွင် ခေတ်မီပြတိုက်သစ်တစ်ခုကို တည်ဆောက်ခဲ့ပြီး ၁၉၇၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းသုတေသနပြတိုက်သည် ကျောက်စာရှစ်မြှောင့်သဏ္ဌာန်ပြတိုက်နှင့် ကျောက်ဆစ်လက်ရာများနှင့် အခြားကြီးမားသော ပစ္စည်းများပြသရန် ကျောက်စာရုံသုံးခုပါဝင်ကြောင်း၊ ၁၉၉၅ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ရှစ်မြှောင့်သဏ္ဌာန်ပြတိုက်ငယ်တစ်ခုသာ ချန်လှပ်ပြီး ကျန်မြေနေရာတွင် ကမ္ဘာ့အဆင့်မီ ခန့်ညားထည်ဝါသော ပြတိုက်ကြီးတစ်ခု စတင်တည်ဆောက်ခဲ့ရာ ၁၉၉၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် ဖွင့်လှစ်ပြသနိုင်ခဲ့ကြောင်း ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခက်ခက်လှ (ပြတိုက်တာဝန်ခံ)က ရှင်းပြသည်။
အသစ်တည်ဆောက်ခဲ့သော ပုဂံရှေးဟောင်းသုတေသနပြတိုက်မှာ နှစ်ထပ်အဆောက်အအုံဖြစ်ပြီး ခန့်ညားထည်ဝါသည်သာမက အတွင်းရောအပြင်ပါ မြန်မာမှုလက်ရာ၊ အင်္ဂတေပန်းများ၊ သစ်သားပန်းပု၊ ကနုတ်ပန်းလက်ရာများ၊ ယွန်းရွှေဇဝါလက်ရာများ၊ ရွှေချည်ထိုးလက်ရာများနှင့် တင့်တယ်လှပစွာ တန်ဆာဆင်ထားသောကြောင့် အဝေးမှကြည့်ကြည့်၊ အနီးကကြည့်ကြည့် ရှုမငြီးနိုင်စရာ အသွင်ရှိနေကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ကလေးပြတိုက်ကိုလည်း ပြတိုက်ကြီး၏ မြောက်ဘက်ရှိ ရှစ်မြှောင့်ပုံသဏ္ဌာန် အဆောက်အအုံတွင် ခင်းကျင်းပြသထားကြောင်း သိရသည်။
ပုဂံရှေးဟောင်းသုတေသနပြတိုက်အား တနင်္လာနေ့နှင့် အများပြည်သူရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ ပုံမှန်ပြန်လည်ဖွင့် လှစ်လိုက်ပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခက်ခက်လှ (ပြတိုက်တာဝန်ခံ) ထံက သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


