အောက်တိုဘာ ၃၁ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေ ပွဲစဉ် ၁၁ ရဲ့ အကောင်းဆုံး ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရိုးမားအသင်းနဲ့ အေစီမီလန်အသင်းတို့ပွဲစဉ်မှာ အေစီမီလန်အသင်းက ရိုးမားအသင်း ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ အေစီမီလန်အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူ နိုင်ခဲ့တာကြောင့် ကစားသမားဘဝ တစ်လျှောက် လိဂ်ပြိုင်ပွဲတွေမှာ သွင်းယူနိုင်ခဲ့တဲ့ လိဂ်သွင်းဂိုး ၄၀၀ ပြည့်မြောက်ခဲ့တာလည်းဖြစ်ပါတယ်။

အခုပွဲစဉ်မှာ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ ကစားသမားဘဝ စံချိန်သစ်တင်ခဲ့သလို အေစီမီလန် အသင်းဟာလည်း ရိုးမားအသင်းကို အနိုင်ရလိုက်တာကြောင့် အီတလီစီးရီးအေပြိုင်ပွဲ သမိုင်း တစ်လျှောက်မှာ ရာသီအစ ပထမဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ၁၁ ပွဲမှာ ၁၀ ပွဲအထိအနိုင်ရရှိခဲ့တဲ့ လေးသင်းမြောက် အသင်းဖြစ်လာခဲ့ပါတယ်။ အေစီမီလန်အသင်းမတိုင်ခင်က စီးရီးအေပြိုင်ပွဲသမိုင်းမှာ ရာသီအစ ပထမ ၁၁ ပွဲမှာ ၁၀ ပွဲအထိ အနိုင်ရခဲ့တဲ့ စီးရီးအေ အသင်းသုံးသင်းကတော့ ရိုးမားအသင်း၊ ဂျူဗင်တပ်အသင်းနဲ့ နာပိုလီအသင်းတို့ပဲ ဖြစ်ပါတယ်။

ရိုးမားအသင်းနဲ့ အေစီမီလန်အသင်းတို့ ပွဲစဉ်မှာ အေစီ မီလန်အသင်းအတွက် သွင်းဂိုးနှစ်ဂိုးကို ပွဲကစားချိန် ၂၅ မိနစ်မှာ အီဘရာ ဟီမိုဗစ်၊ ပွဲကစားချိန် ၅၇ မိနစ်မှာ ကတ်ဆီးတို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ရိုးမားအသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ပွဲကစားချိန် မိနစ် ၉၀ မှာ အီရှာရာဝီက သွင်းယူပေးခဲ့တာဖြစ်ပြီး အခုပွဲစဉ်မှာ အေစီမီလန်အသင်းဟာ ပွဲကစားချိန် ၆၆ မိနစ်မှာ ဟာနန်ဒက်ဇ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် နောက်ပိုင်းပွဲ ကစားချိန်တွေမှာ တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ ရိုးမားအသင်းကို အနိုင်ရရှိခဲ့တာကြောင့် စီးရီးအေ အမှတ်ပေးဇယားမှာ ရမှတ်စုစုပေါင်း ၃၁ မှတ်ရရှိထားပြီး နာပိုလီအသင်းနဲ့ ရမှတ်တူဂိုးကွာခြားချက်နဲ့ နာပိုလီအသင်းရဲ့အောက် အမှတ်ပေးဇယား အဆင့်(၂) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ရိုးမားအသင်းကတော့ လက်ရှိအီတလီစီးရီးအေ ပွဲစဉ် ၁၁ ပွဲ ကစားအပြီးမှာ ခြောက်ပွဲအနိုင်ရထားပြီး ရမှတ်စုစုပေါင်း ၁၉ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် လေးနေရာမှာ ရပ်တည်နေတာဖြစ်ပါ တယ်။

ငွေကြယ်