မိုးညှင်း နိုဝင်ဘာ ၂
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးမြို့၌ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး) ရေလယ်စေတီတော်မြတ်အား ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ဘုရားဖူးပြည်သူများ နေ့စဉ်လာရောက်ဖူးမြော် ကြည်ညိုသူများပြားလျက်ရှိသည်။
မိုးညှင်းမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ဘုရားဖူးပြည်သူများအနေဖြင့် လာရောက်ဖူးမြော်ခြင်းများ နည်းပါးခဲ့သော်လည်း ယခုနှစ်တွင် ပွင့်လင်းရာသီ ရောက်ရှိလာသည်နှင့်အမျှ ကိုဗစ်-၁၉ ရောဂါ သိသာစွာ လျော့နည်းကျဆင်းလာသဖြင့် ဘုရားဖူး ပြည်သူများအား စိတ်နှလုံးအေးချမ်းသာယာစွာ လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိသည်။
အင်းတော်ကြီးဒေသခံ စျေးရောင်းပြည်သူ မမေသင်္ကြန်က “ပွင့်လင်းရာသီ ရောက်ရှိလာတဲ့အတွက် မနှစ်ကနှစ်ထက်စာရင် သည်နှစ်က နည်းနည်းပိုလို့ ဘုရားဖူးလာကြတာ များလာပါတယ်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားတဲ့ကာလက ဘုရားဖူးလာတဲ့ ပြည်သူတွေ နည်းပါးခဲ့တယ်။ ယခုနှစ်မှာ ကိုဗစ်−၁၉ ရောဂါ သိသာစွာ လျော့နည်းကျဆင်းလာ၍ ဘုရားဖူးလာရောက်သူများ များပြားလာတယ်။ ကျွန်မအနေနဲ့ ဘုရားဖူးလာမဲ့ ပြည်သူတွေကို ပြောချင်တာက အင်းတော်ကြီးဘုရား မရောက်ဖူးသေးတဲ့ ပြည်သူတွေကို လာရောက်ဖူးမြော်စေချင်ပါတယ်။ အင်းတော်ကြီးဘုရားဟာ တန်ခိုးကြီးဘုရားဖြစ်သလို သမိုင်းရာဇဝင်ဖြင့် ခန့်ထည်စွာတည်ရှိနေသော ဘုရားဖြစ်တဲ့အတွက် လာရောက်ဖူးမြော်ကြရန် တိုက်တွန်းအပ်ပါတယ်”ဟု ပြောသည်။
အဆိုပါ အင်းတော်ကြီးသည် တော်ဝင်အင်းကြီးဖြစ်၍ မြန်မာနိုင်ငံ၏ အလှဆုံးနှင့် အကြီးဆုံးရေချိုအိုင်ကြီး တစ်အိုင်ဖြစ်ကာ အင်းကြီးအတွင်း ငှက်မျိုးစုံများ၊ ကမ္ဘာအရပ်ရပ်မှ ရာသီအလိုက် အုပ်စုဖွဲ့၍ ဝင်ရောက်လာကြသော ငှက်များနှင့် ဆောင်းခိုရေပျော်ငှက်များ ကျက်စားပျော်မြူးကြပြီး အဆိုပါအင်းကို တောင်တန်းများဖြင့် ဝိုင်းရံကာထားလျက်ရှိသည်။ အနောက်လတ္တီတွဒ် (၂၅)ဒီဂရီ (၅)မိနစ်နှင့် (၂၅)ဒီဂရီ (၂၀)မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် (၉၆)ဒီဂရီ (၁၈)မိနစ်နှင့် (၉၆)ဒီဂရီ (၂၅)မိနစ်အကြားတွင် တည်ရှိပြီး အလျား(၁၆)မိုင်နှင့် အနံ(၈)မိုင်ရှိတဲ့ “မြေကျွံအင်း” အမျိုးအစားဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ(၆၅၀)တွင် တည်ရှိသည်။
အင်းတော်ကြီးကန်နှင့် ပတ်ဝန်းကျင်ရှိ ကြိုးဝိုင်း(၅)ခုကို အင်းတော်ကြီးတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် ၂၀၀၄ ခုနှစ်တွင် သတ်မှတ်ဖွဲ့စည်းခဲ့သည်။ နိုင်ငံတကာအသိအမှတ်ပြုအဖြစ် ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ရမ်ဆာရေဝပ် ဒေသအဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် လူသားနှင့် ဇီ၀အဝန်း နယ်မြေအဖြစ်လည်းကောင်း သတ်မှတ်ခံခဲ့ရသော အင်းကြီးလည်းဖြစ်သည်။
ဇွဲသူရအောင်(ပြန်/ဆက်)


