ငဖဲ နိုဝင်ဘာ ၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌  ကိုဗစ်-၁၉ရောဂါကြောင့်  ခေတ္တပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်းလုံးတွင် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ပြီးဖြစ်ရာ ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျပြန်လည်ပြင်ဆင်ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူ (၂၅၉၃)ဦး က ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ အေးချမ်းစွာလာရောက်ပညာ သင်ကြားလျက် ရှိကြောင်းသိရသည်။

ထိုသို့ပညာသင်ကြားရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လက်ဆေး ဘေဆင်များထားရှိ၍ ကိုယ်အပူချိန်တိုင်းတာခြင်း၊  နှာခေါင်းစည်းများတပ်ဆင်စေခြင်း ဆောင်ရွက်ပြီး တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေစေ၍ ကျောင်းသင်ခန်းစာများကိုသင်ကြားပေးလျက်ရှိပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများပူးပေါင်း ဆောင်ရွက်ပေး လျက်ရှိသည်။

ငဖဲမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၃)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ(၃) ကျောင်း၊ အလယ်တန်းကျောင်း (၅)ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ(၁၁)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၅)ကျောင်း၊ မူလတန်းကျောင်း (၃၄)ကျောင်း၊ မူလတန်းကျောင်း-ခွဲ(၁၂)ကျောင်း နှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (၃)ကျောင်း  စုစုပေါင်း (၈၆)ကျောင်းရှိပြီး ယနေ့တွင် အထက်တန်းဆင့် (၁၆၀)၊ အလယ်တန်းဆင့် (၇၀၅)ဦး နှင့် မူလတန်းဆင့် (၁၇၂၈)ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ (၂၅၉၃)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)