နိုဝင်ဘာ ၂

 

ငရုတ်သီးဈေးကောင်းရရှိစေရန်မှာ တောင်သူများအနေဖြင့် ဈေးကွက်ဝယ်လိုအား များပြားလေ့ရှိသည့် ကာလကို စနစ်တကျ တွက်ချက်စိုက်ပျိုးတတ်ရန် လိုအပ်ကြောင်း ငရုတ်သီး စီးပွားဖြစ်စိုက်ပျိုးသူများက ပြောသည်။

"အခုရက်ဆို ကျွန်တော်တို့ဘက်က ဈေးကွက်က နည်းနည်းအေးသွားပြန်ပြီ။ သြဂုတ်လလောက်က ပေါ်တဲ့ ငရုတ်သီးတွေက အသီးပါးသွားပြီမို့လို့ပါ။ တောင်သူတစ်ဦးနဲ့တစ်ဦး စိုက်ပျိုးတဲ့အချိန် မတူကြ ဘူးလေ။ တချို့ကလည်း ကြက်သွန်နဲ့ငရုတ်ကို တွဲစိုက်ကြတော့ ငရုတ်သီးချည်းပဲ စိုက်တဲ့သူနဲ့ စိုက်ချိန် မတူကြဘူး။ အများအားဖြင့်တော့ ဇန်နဝါရီလကနေပြီး အဲ့ဒိနောက်ပိုင်း စိုက်တဲ့ငရုတ်သီးတွေက ဈေးကောင်းရတာများပါတယ်။ အဲ့ဒိအချိန်က နွေနဲ့မိုး အကူးကာလလေ။ အဲ့ဒီကာလဆို ကျွန်တော်တို့ ဒေသမှာ ငရုတ်သီးရှားတတ်လို့ပါ။" ဟု မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ မန်ကျည်းပင်ပုကျေးရွာမှ ငရုတ်သီးနှင့်ကြက်သွန် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နေသူ ကိုကျော်မျိုးလင်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီး အနီးတစ်ဝိုက်ဒေသများတွင် ဈေးကွက်ဝယ်လိုအားများသည့် ၆၉၂ ငရုတ်မျိုးကို တွင်ကျယ်စွာ စိုက်ပျိုးနေကြပြီး၊ လက်ရှိဈေးကွက်အတွင်း ၆၉၂ ငရုတ်သီးမျိုး တစ်ပိဿာလျှင် ငွေကျပ် (၉၀၀) ဝန်းကျင်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။

"ကျွန်တော်တို့ဘက်ကနေ စိုက်သမျှကို နွားထိုးကြီးမြို့နယ်ဘက်ကိုလည်း တင်ပို့မှုများတယ်။ ၆၉၂ ငရုတ်မျိုးဆိုရင် ဈေးကောင်းတဲ့အချိန်ဆို တစ်ပိဿာကို ၁၅၀၀ ကျပ် ဝန်းကျင်လောက်ရတယ်။ အခုနောက်ပိုင်း ပွဲစားတွေကတော့ သီးနှံရဲ့အရည်အသွေးကို မူတည်ပြီး ဈေးဖြတ်လာတာဆိုပေမယ့် တောင်သူတွေဘက်ကလည်း ကိုယ်ဈေးကောင်းရနိုင်လောက်မယ့်အချိန်ကို သေချာမှန်းဆ စိုက်ပျိုးတတ်မှသာ အဆင်ပြေတာပါ။" ဟု ကိုကျော်မျိုးလင်းက ဆက်လက်ပြောသည်။

ငရုတ်သီးကို ဇန်နဝါရီလတွင် စတင်စိုက်ပျိုးပါက ဧပြီလဝန်းကျင်တွင် အသီးခူးဆွတ် ဈေးကွက်တင်ပို့နိုင်ပြီး၊ ပထမဆုံး စတင်ထွက်လာသည့် ဂွသီး (ငရုတ်ပင်ဂွကြားတွင် စသီးသည့် ငရုတ်သီး)ကိုမူ စိုက်ပျိုးပြီး (၂)လခွဲ ဝန်းကျင်တွင် စတင်ခူးဆွတ်နိုင်ကြောင်း သိရသည်။

 

နန်းထက်ထက်ချစ်