ဆားလင်းကြီး နိုဝင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ မိုးကြိုးပြင်၊ ကျိုင်းခမောက်၊ ဆင်ဖြူချည်၊ ညောင်ပင်တို ကျေးရွာလေးရွာ၌ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် အဝီစိစက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မိုးကြိုးပြင်ကျေးရွာတွင် သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်တစ်ကန် တည်ဆောက်ခြင်း၊ ကျေးရွာတွင်း ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ကျိုင်းခမောက်ကျေးရွာတွင် လေးလက်မ အဝီစိစက်ရေတွင်း တစ်တွင်းတူးဖော်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တစ်ခု တည်ဆောက်ခြင်း၊ ရေစက်ရုံတစ်ခု တည်ဆောက်ခြင်း၊ ဆင်ဖြူချည်ကျေးရွာတွင် လေးလက်မ အဝီစိစက်ရေတွင်း တစ်တွင်းတူးဖော်ခြင်း၊ ပန့်တပ်ဆင်ခြင်း၊ ကျေးရွာတွင်း ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ညောင်ပင်တိုကျေးရွာတွင် လေးလက်မ အဝီစိစက်ရေတွင်း တစ်တွင်းတူးဖော်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တစ်ခု တည်ဆောက်ခြင်း၊ ရေစက်ရုံတစ်ခု တည်ဆောက်ခြင်း၊ မီးလိုင်းသွယ်တန်းခြင်း လုပ်ငန်းများအား ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ပြည်ထောင်စု၊ မွမ်းမံခွင့်ပြုရန်ပုံငွေကျပ်သန်း ၉၀ ကျော်ဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာလေးရွာရှိ အိမ်ခြေ ၉၄၅ အိမ်မှ လူဦးရေ ၅၁၀၀ တို့အတွက် ရာသီမရွေး သောက်သုံးရေဖူလုံစေရေး အကျိုးပြုမည်ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဝင်းက ပြောပြသည်။
အဆိုပါကျေးရွာလေးရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ဆားလင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဝင်းနှင့် ဝန်ထမ်းများမှ ယနေ့နက်ပိုင်းက ကျေးရွာရေရရှိရေး ကော်မတီဝင်များနှင့်အတူ စက်ရေတွင်းတူးဖော်မည့် မြေနေရာ၊ ရေစုကန်၊ ရေစက်ရုံတည်ဆောက်မည့် မြေနေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ငြိမ်းသူ


