စစ်တွေ နိုဝင်ဘာ ၂ 

စစ်တွေမြို့နယ်အတွင်း ဘုန်းတော်ကြီးသင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ကို ပထမအကြိမ်အဖြစ် နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ပြီးထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဘုန်းတော်ကြီးသင် ကျောင်းများမှ ဆရာတော်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းတာဝန်ခံများ၊ စေတနာ့ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများပူးပေါင်း၍ ကာကွယ်ဆေးမထိုးမီ ဆရာတော် များ၊ မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ရယူခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်း၊ ရောဂါအခံရှိမရှိ မေးမြန်း ခြင်းများ ဆောင်ရွက်ကြပြီး ဆေးထိုးနှံပေးကြကာ ဆေးထိုးပြီးနောက် တွင်လည်း မိနစ် ၃၀ အကြာ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြု ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဘုန်းတော်ကြီးသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ များအား စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်ရှိ၊ ရွှေစေတီဘုန်းတော်ကြီးသင်ကျောင်းစုရပ်နှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား စစ်တွေမြို့၊ ရူပတောင်ရပ်ကွက်ရှိ ထက်မြက်ထွန်း ကိုယ်ပိုင်အထက်တန်းကျောင်း စုရပ်တို့တွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

စစ်တွေမြို့နယ်တွင် ဘုန်းတော်ကြီးသင်ကျောင်း ၇ ကျောင်းနှင့် ကိုယ်ပိုင်းကျောင်း ၁၃ ကျောင်းရှိပြီး မြို့နယ်အတွင်း အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် အလယ်တန်းအဆင့်မှာ ၁၅၄၀၉ ဦးနှင့် အထက်တန်းအဆင့်မှာ  ၅၆၆၁ဦး စုစုပေါင်း ၂၁၀၇၀  ရှိကြောင်းသိရသည်။ 

တင်ထွန်း(ပြန်/ဆက်)