ရန်ကုန် နို၀င်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ တိုင်းရင်းသားများ၏ ရိုးရာဓလေ့များကို လေ့လာနိုင်ရန် နိုဝင်ဘာဒုတိယအပတ်မှစ၍ တနင်္ဂနွေနေ့တိုင်း တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
"ကျွန်တော်တို့ ဖျော်ဖြေရေးအစီအစဉ်များကို ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၊ ပြည်ထောင်စုခန်းမမှာပဲ တနင်္ဂနွေနေ့တိုင်း ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များအညီ အချိန်တစ်နာရီခန့် ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်"ဟု တာ၀န်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ပြောသည်။
လက်ရှိတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)သို့ လာရောက်လည်ပတ်သူဦးရေ ပြန်လည်များပြားလာသဖြင့် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဆိုအကများ၊ ရုပ်သေးနှင့် မျက်လှည့်ပညာရှင်များကို ဖိတ်ခေါ်ကာ ဖျော်ဖြေပေးမည့် အစီအစဉ်များ ပြန်လည်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ယခင်က အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ဖျော်ဖြေရေးအစီအစဉ်များ ပြုလုပ်ခဲ့ပြီး လက်ရှိတွင် တနင်္ဂနွေနေ့တစ်ရက်သာ ဖျော်ဖြေရေးအစီအစဉ်များ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အာကာလင်း


