မိုးညှင်း နိုဝင်ဘာ ၂
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ နားခါအုပ်စု၊ သာစည်ရပ်ကွက်တွင် နိုဝင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်က ဖုန်းအားသွင်းထားရာမှ ပလပ်ခုံအပူလွန်ကဲပြီး နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုးညှင်းမြို့ နားခါအုပ်စု၊ သာစည်ရပ်ကွက်အတွင်းရှိ ဒေါ်နွေးနွေးနိုင် ပိုင်ဆိုင်သော နေအိမ်၏ အလုပ်သမားတန်းလျား (၈၀×၁၈)ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက်နှစ်ထပ်အဆောက်အဦ အပေါ်ထပ်အိပ်ခန်းအတွင်းရှိ ပလပ်ခုံတွင် ဖုန်းအားသွင်းထားရာမှ ပလပ်ခုံအပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်စိုးသန်း ဦးဆောင်သည့် မီသတ်(သန္ဓေ) တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ဝိုင်းဝန်း၍ မီးသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ မိနစ် ၂၀ ခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ သေဆုံးမှုမရှိကြောင်း ခရိုင်မီးသတ်စခန်းမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)


