နေပြည်တော် နိုဝင်ဘာ ၂

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်မ၌ ကျင်းပသည်။

 

ရှေးဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေး စက်ရုံသို့ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှုကို တင်ပြခဲ့ရာ ရေတို၊ ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်ရန် လမ်းညွှန်ထားကြောင်း၊ ရေတိုစီမံကိန်းအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို Ready to fill bulk အနေဖြင့် ဝယ်ယူ၍ ပုလင်းသွင်း ဖြည့်တင်းထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပုလင်းသွင်းဖြည့်တင်းခြင်း အဆင့် ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် ကောင်းမွန်သော ဆေးဝါးထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် နည်းစဉ်များသာမက၊ ထုတ်လုပ်မှု နည်းစဉ်နှင့် အရည်အသွေးစစ်ဆေးခြင်း နည်းစဉ်များကိုပါ လွှဲပြောင်းရရှိထားပြီး ဖြစ်ကြောင်း၊ RTF Bulk ဝယ်ယူထုတ်လုပ်ခြင်းဖြင့် ယခုဝယ်ယူအသုံးပြုနေရသည့် ဈေးနှုန်းထက် လျော့နည်း၍ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း။

 

ရေရှည်ဆောင်ရွက်ရမည့် စီမံကိန်းအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပြည်တွင်း၌ အစအဆုံး ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပြည်တွင်း၌အစအဆုံး ထုတ်လုပ်နိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင်ရှိသော သုတေသနဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကိုဗစ် ကာကွယ်ဆေးများကို ပြည်တွင်း၌ ထုတ်လုပ်မည်ဆိုပါက အအေးသိုလှောင်ရေးစနစ်၊ သယ်ယူပို့ဆောင်ရေးစနစ် စသည်တို့ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ RTF Bulk ပြုလုပ်၍ ထုတ်လုပ်မည်ဆိုပါက ကာကွယ်ဆေးများ ပြတ်လပ်မှုမရှိအောင် ကြိုတင်ညှိနှိုင်းထားရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်သည့် ကာကွယ်ဆေးများသည် Antibody ထွက်ရှိမှု မည်မျှရှိသည်ကိုလည်း ထည့်သွင်း စဉ်းစားသင့်ကြောင်း၊ အချို့နိုင်ငံများတွင် အသက် (၅) နှစ်နှင့်အထက် ကလေးငယ်များအား ကာကွယ်ဆေးများ စတင်ထိုးနှံနေပြီဖြစ်ကြောင်း၊ Booster အတွက်ကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်သင့်ကြောင်း၊ ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ် ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းများကို တစ်နိုင်ငံလုံး လွှမ်းခြုံမှုရှိစေရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ဦးမျိုးဇာနည်ဝင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းနိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ အထွေထွေမန်နေဂျာ ဒေါက်တာအောင်ဇော်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်မှု နည်းပညာများနှင့်ပတ်သက်၍ ရုရှားနိုင်ငံ Sputnik ကာကွယ်ဆေးနှင့် တရုတ်နိုင်ငံ Sinopharm ကာကွယ်ဆေးများအပေါ် နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် အိန္ဒိယနိုင်ငံ ချေးငွေဖြင့် တည်ထောင်မည့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး စီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တပ်မတော်ဆေး သုတေသနတပ်မှ ဒုတိယဗိုလ်မှူးကြီးခိုင်ဇော်ဦးက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ သုတေသနပြုလုပ်နေမှုကိုလည်းကောင်း၊ အသည်းရောင်အသားဝါ (ဘီ) ကာကွယ် ဆေးစက်ရုံခွဲ၊ တာဝန်ခံမှ အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေး (RTF) Bulk ဝယ်ယူရေး ကိစ္စနှင့် ပတ်သက်၍လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ၌ ထုတ်လုပ်သင့်သည့် ကာကွယ်ဆေးများကိုလည်းကောင်း၊ တက်ရောက်လာသူများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးကိစ္စနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြပြီး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် ကုန်ထုတ်လုပ်မှုဆိုင်ရာ အညွှန်းကိန်း အကောင်အထည်ဖော်နိုင်ရေး ဦးဆောင်ကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။

 

ရှေးဦးစွာ ကုန်ထုတ်လုပ်မှုဆိုင်ရာအညွှန်းကိန်း အကောင်အထည်ဖော်နိုင်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနအနေဖြင့် စက်မှုသန်းခေါင်စာရင်း ကောက်ယူခြင်းကို စီမံကိန်း၏ ပထမအဆင့် ဦးစားပေးလုပ်ငန်းစဉ်အဖြစ် စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဓာတ်သတ္တုတူးဖော်ခြင်းနှင့် ကျောက်တူးခြင်းလုပ်ငန်း၊ ထုတ်လုပ်ခြင်းလုပ်ငန်း၊ လျှပ်စစ် ဓာတ်အား၊ ဓာတ်ငွေ့၊ ရေနွေးငွေ့နှင့် လေအေးပေးမှုလုပ်ငန်း၊ ရေဖြန့်ဝေခြင်း၊ မိလ္လာစနစ်၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်းနှင့် ကုစားခြင်းလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများကို စက်မှုသန်းခေါင်စာရင်း စတင်ကောက်ယူမည်ဖြစ်ကြောင်း။

 

စက်မှုသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြပါရန်နှင့် မြန်မာနိုင်ငံအတွက် စက်မှုသန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ကုန်ထုတ်လုပ်မှုဆိုင်ရာ ထုတ်လုပ်မှုအညွှန်းကိန်း အကောင်အထည်ဖော်နိုင်ရေး ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုလွင်တို့က ကုန်ထုတ်လုပ်မှုဆိုင်ရာ  ထုတ်လုပ်မှုအညွှန်းကိန်း အကောင်အထည်ဖော်နိုင်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းဆောင်ရွက် ချက်များကိုလည်းကောင်း၊ အတွင်းရေးမှူးက စက်မှုသန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ကုန်ထုတ်လုပ်မှုဆိုင်ရာ ထုတ်လုပ်မှုအညွှန်းကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စရပ်များ၊ စက်မှုသန်းခေါင်စာရင်း ကောက်ယူခြင်းနှင့်ပတ်သက်သည့် ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီမံများကို ဆွေးနွေးတင်ပြပြီး စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်