ကန်ကြီးထောင့် နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာတွင် ယမန်နေ့ည ၁၁နာရီမိနစ် ၅၀အချိန်က လေပြင်းများ တိုက်ခတ်မှုကြောင့် နေအိမ်၃လုံးနှင့် ဘုန်းကြီးကျောင်းဆောင် ၁ခု ပျက်စီးမှုဖြစ်ပါ်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
လေပြင်းများတိုက်ခတ်မှုကြောင့် အပင်နှစ်ဆယ်ကျေးရွာနေ ဦးစံငွေပိုင်ဆိုင်သည့် ဓနိမိုး၊ ထရံကာ၊ ပျဉ်းခင်း နေအိမ်၁လုံးနှင့် ဦးမင်းလွင်ပိုင်ဆိုင်သည့် ဓနိမိုး၊ထရံကာ၊ ပျဉ်ခင်းနေအိမ် ၁လုံး၊ ဦးလှဝင်းပိုင်ဆိုင်သည့် ဓနိမိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်၁လုံးနှင့် ဦးမန်းသီပိုင်ဆိုင်သည့် ဓနိမိုး၊ ထရံကာ၊ ဝါးကြမ်းခင်းနေအိမ်၁လုံးတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါကျေးရွာရှိ ရတနာ့ဗိမာန်ဘုန်းကြီးကျောင်းတိုက်အတွင်းမှ ဓနိမိုး၊ ဓနိကာမြေစိုက်ကျောင်းဆောင်၁ခုတို့ အသီးသီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
လေပြင်းများ တိုက်ခတ်သည့်နေရာများသို့ အပင်နှစ်ဆယ်အုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်ပြီး လေဘးသင့်မိသားစုဝင်များအား ၎င်းတို့၏ ဆွေမျိုးများနေအိမ်သို့ ယာယီရွှေ့ပြောင်းထားကာ လိုအပ်သည်များကိုလည်း ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)


