ရန်ကုန် နိုဝင်ဘာ ၂

၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (D) နှင့် (၂) နောက်ဆုံးနေ့ ပွဲစဉ်များကို ယနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲက တစ်ချိန်တည်းယှဉ်ပြိုင်ကစားရာ မြန်မာအသင်း ရှုံးပွဲ ကြုံတွေ့ပြီး ခြေစစ်ပွဲမအောင်မြင်ခဲ့ကြောင်း သိရသည်။

မြန်မာအသင်းသည် တစ်ကျော့ပြန် ခြေစစ်ပွဲအောင်မြင်နိုင်သည့် အခွင့်အရေးပိုင်ဆိုင်ခဲ့သော်လည်း ဗီယက်နမ်နှင့်ပွဲတွင် ရလဒ်ကောင်း မယူနိုင်သဖြင့် ခြေစစ်ပွဲအဆင့်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအသင်းသည် ဗီယက်နမ်ကို အနိမ့်ဆုံး သရေကစားနိုင်ရုံဖြင့် ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သော် လည်း ယင်းအခွင့်အရေးကို အရမယူနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်း နည်းပြချုပ် ပိုပေါ့ဗ်သည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲများစွာမပြုလုပ်ဘဲ ပြည့်ဖြိုးသူ (ဂိုး)၊ ဟိန်းဇေယျာလင်း၊ သက်ဟိန်းစိုး၊ စိုးမိုးကျော်၊ အောင်ဝဏ္ဏစိုး၊ နန်းထိုက်ဇော်၊  လွင်မိုးအောင်၊ မြတ်ကောင်းခန့်၊ လင်းထက်စိုး၊ ထက်ဖြိုးဝေ၊ ဝင်းနိုင်ထွန်းတို့ကို အသုံးပြုခဲ့သည်။ ပထမပိုင်းတွင် နှစ်သင်းစလုံး ထိန်းကစားနေ၍ အခွင့်အရေးသိပ်မရခဲ့ဘဲ ဂိုးမရှိသရေကျနေသည်။ ဒုတိယပိုင်းတွင် ဗီယက်နမ်အသင်းက ဂိုးရရန် တိုက်စစ်မြှင့်လာပြီး ၅၈ မိနစ်တွင် ပြစ်ဒဏ်ဘောမှ တစ်ဆင့် ဟိုထရန် မင်ကခေါင်းတိုက်သွင်းယူခဲ့သဖြင့် ဗီယက်နမ်အသင်း အနိုင်ဂိုးရခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်းက ချေပဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း ကစားပုံနှင့် တိုက်စစ်ဆင် မှုများမှာ အားရစရာ မရှိသောကြောင့် ဗီယက်နမ်ခံစစ် အလွယ်တကူ ထိန်းချုပ်နိုင်ခဲ့သည်။ ၇၉ မိနစ်တွင် မြန်မာနောက်ခံလူ အောင်ဝဏ္ဏစိုး ထုတ်ပယ်ခံခဲ့ရသဖြင့် ပိုမိုရုန်းကန်ခဲ့ရပြီး အရှုံးနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲစဉ်များအပြီးတွင် တစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ်သုံးမှတ်ဖြင့် အုပ်စုဒုတိယနေရာရခဲ့သော်လည်း အကောင်းဆုံး အုပ်စုဒုတိယနေရာရအသင်းများ တွက်ချက်ရာတွင် အဆင့် (၆) နေရာသာရခဲ့သဖြင့် ခြေစစ်ပွဲမအောင်ခဲ့ခြင်းဖြစ်သည်။

ခြေစစ်ပွဲအုပ်စုပွဲစဉ်များအားလုံး ပြီးဆုံးသွားပြီဖြစ်ပြီး အုပ်စု (A) မှ ကာတာ၊ အုပ်စု (B) မှ အီရန်၊ အုပ်စု (C) မှ အီရတ်၊ အုပ်စု (D) မှ ကူဝိတ်၊ အုပ်စု (E) မှ ယူအေအီး၊ အုပ်စု (F) မှ ဂျော်ဒန်၊ အုပ်စု (G) မှ ဩစတြေးလျ၊ အုပ်စု (H) မှ တောင်ကိုရီးယား၊ အုပ်စု (I) မှ ဗီယက်နမ်၊ အုပ်စု (J) မှ မလေးရှားနှင့် အုပ်စု (K) မှ ဂျပန်အသင်းတို့ အုပ်စုပထမနေရာရရှိကာ ခြေစစ်ပွဲအောင်မြင်ခဲ့သည်။ အကောင်းဆုံးအုပ်စု ဒုတိယနေရာရ လေးသင်းတွက်ချက်ရာတွင်မူ အုပ်စု (J) မှ ထိုင်းအသင်း။ အုပ်စု (F)တာ့ခ်မင်နစ္စတန် အသင်း အုပ်စု (D) မှ ဆော်ဒီအာရေဗျ။ အုပ်စု (B) မှ တာဂျစ်ကစ္စတန် အသင်းတို့ ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။

ရဲရင့်လွင်