ဂျကာတာ နိုဝင်ဘာ ၃
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် စကော့တလန်နိုင်ငံ ဂလက်စဂိုးမြို့၌ ကျင်းပပြုလုပ်သော ဂျီ-၂၀ ထိပ်သီး အစည်းအဝေးတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် သီးခြားတွေ့ဆုံခဲ့ရာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ နည်းလမ်းများနှင့်ပတ်သက်၍ အလေးထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နှစ်နိုင်ငံခေါင်းဆောင်တို့သည် ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ရာသီဥတု ပြောင်းလဲမှု ပြဿနာနှင့် ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများအရေး စသည်ဖြင့် အချက်လေးချက်ကို အလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကာကွယ်ဆေး၊ အသက်ရှူ အထောက်အကူပြု ကိရိယာနှင့် အခြားဆေးဘက်ဆိုင်ရာ ကိရိယာများ ထောက်ပံ့ပေးခြင်း အပါအဝင် အမေရိကန်၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် အင်ဒိုနီးရှားက ချီးကျူးခဲ့ကြောင်း၊ ဂျိုကိုဝီဒိုဒိုက မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အင်ဒိုနီးရှားနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အား ဖိတ်ခေါ်ခဲ့ကြောင်းနှင့် နှစ်နိုင်ငံခေါင်းဆောင်တို့သည် လတ်တလောဖြစ်ပွားနေသော နိုင်ငံတကာကိစ္စရပ် များနှင့် ပတ်သက်၍လည်း အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ ဘာသာပြန် - ဂျေတီ