မိတ္ထီလာ နိုဝင်ဘာ ၃
မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာအဆီနှင့် မျက်နှာသစ် ဆပ်ပြာအခဲပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာနတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးမင်းဇော်က အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး မိသားစုစီးပွားရေးလုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင်လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပညာရှင်များနှင့် ပူးပေါင်းပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယခုလို အခမဲ့ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း ၊ သင်တန်းများကို လာရောက်တက်ရောက်နိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာအဆီနှင့် မျက်နှာသစ်ဆပ်ပြာအခဲပြုလုပ်နည်းသင်တန်းနည်းပြဆရာ ဦးမျိုးအောင်က ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလှမ်းများရရှိစေရန် မိမိ တက်မြောက်ထားသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဖြန့်ဝေပေးခြင်းဖြစ်ပါကြာင်းနှင့် အခြား အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာရပ်များကိုလည်း ဆက်လက်၍ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်များမှ သင်တန်းသူ (၃၀) တက်ရောက်ပြီး သင်တန်းကို နိုဝင်ဘာ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီ အချိန်အထိ ဆပ်ပြာအဆီပြုလုပ်နည်းနှင့် မျက်နှာသစ်ဆပ်ပြာအခဲပြုလုပ်နည်းစသည့် ဘာသာရပ်များကို စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


